DVB Logo
Home
Lead Story
ကိုပါကြီးအလောင်းဖော်ရာတွင် လိုက်ပါခဲ့သူများ၏ ပြောကြားချက်
DVB
·
November 5, 2014
ကိုပါကြီးအလောင်းဖော်ရာတွင် လိုက်ပါခဲ့သူများ၏ ပြောကြားချက်
Donate to DVB

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ဒီကနေ့ နေ့ချင်း ၂ နာရီကျော်မှာ အလောင်းဖော်ပြီးနောက် ညနေပိုင်းမှာ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ကိုပါကြီးအလောင်းပြန်ထူးဖော်ရာမှာ  ဇနီးဖြစ်သူ ဒေါ်သန္တာနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှား သူတွေ၊ ရှေ့နေတွေနဲ့ မွန်ပါတီတွေ၊ ဘားအံ မှုခင်းဆရာဝန်ကြီး ခရိုင်ရဲမှူး၊ တရားသူကြီး၊  တပ်မတော် လုံခြုံရေး စစ်ကြောင်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေ အပါအ၀င် စုစုပေါင်း လူပေါင်း ၁၀၀ လောက်လိုက်ပါတယ်။

[caption id="attachment_69911" align="aligncenter" width="478"]အလောင်းပြန်လည်တူးဖော်စဉ် အလောင်းပြန်လည်တူးဖော်စဉ်[/caption]

လိုက်ပါသွားသူတွေထဲက  မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့ဝင် ဦးနေမျိုးဇင်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်မီးမီးနဲ့  အမျိုးသမီးများ ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှတို့ရဲ့ မျက်မြင်တွေ့ရှိချက်တွေ ဖြစ်ပါတယ်။

ဒေါ်မီးမီး

“အလောင်းဟာ နက်နက်ရှိုင်းရှိုင်းမြှုပ်ထားတာ မဟုတ်ဘူး။ မြေပြင်နဲ့ လက်တထွာလောက်ပဲ ကွာမယ်။ အပေါ်ယံလေး မြှုပ်ထားတယ်။ ကောင်းမွန်စွာ သင်္ဂြိုဟ်ပြီးစီးကြောင်းဆိုတာလည်း မဟုတ်ပါဘူး။ အလောင်းကို တွေ့ရတဲ့နေရာမှာ ပက်လက်အနေအထား၊ ညာဘက်လက်က ဘယ်ဘက်ရင်ဘတ်ပေါ်မှာ တင်လျက်အနေအထား၊ ဘယ်ဘက်လက်က ဆန့်လျက်။ ဦးခေါင်းတခုလုံး ချိုင့်ပြီးတော့ အပေါ်ကနေ တခုခုနဲ့ ထုထားသလို ကြေပြီးတော့ ဆံပင်တွေနဲ့ ဟိုးအတွင်းထဲ သွားကပ်နေတယ်။ အလောင်းကတော့ ၁ လကျော်ပြီဆိုတော့ ပုံပျက်နေပြီ။ အတွင်းကလီစာတွေ ပေါက်ထွက်တာမျိုးတော့ ကျမတို့ မတွေ့ရဘူး။ မေးရိုးတွေ ပြုတ်ထွက်နေတယ်။ ညာဘက်နံရိုးချိုင့်နေတယ်။ ပေါင်ခြံတွေနဲ့ ခြေသလုံးမှာလည်း တုတ်နဲ့ ရိုက်ထားတဲ့ ဒဏ်ရာတွေက ချိုင့်ဝင်နေတယ်။ သူတို့ထုတ်ပြန်သလို သေနတ်လုပြီး ပစ်သတ်တယ်ဆိုတဲ့အပိုင်းမှာ အနောက်ကပစ်ရင်လည်း ရှေ့ကပွင့်ရမယ်၊ ရှေ့ကပစ်ရင်လည်း နောက်က ပွင့်ရမယ်။ အဲလိုမျိုး သေနတ်ဒဏ်ရာ လုံးဝ မတွေ့ရဘူုး။ သွေးစသွေးနလည်း မတွေ့ခဲ့ရဘူး။”

နော်အုန်းလှ

“အလောင်းကို အမြင်အတိုင်း ပြောရရင်တော့ အလောင်မှာကတော့ အ၀တ်အစားပေါ့ သူ့ရဲ့ ပုဆိုးလေးနဲ့ အင်္ကျီလေးပဲ ပါတယ်ပေါ့နော်။ ပုဆိုးကလည်း ရင်ဘတ်ပေါ်မှာပဲရှိတယ်၊ ဘာမှမရှိဘူး။ ကောင်းမွန်စွာ သင်္ဂြိုဟ်တယ်ပြောထားပြီးတော့ အလောင်းမှာ ဘာ ဖျာတချပ်မှ မပါဘူး။ ပြီးတဲ့အခါ ခေါင်း ဦးခွံတွေကလည်း ခေါင်းမှာ ဆံပင်လေးတော့ရှိတယ်။ ကြည့်ရတာ ခေါင်းဦးခွံတွေက ကြေမွတဲ့သဘောတော့ရှိတယ်။ ဒါပေမယ့်ရှေ့မှာတော့ အပေါက်တော့ သုံးပေါက်တွေ့တယ်ပြောတယ်။ အန်တီတော့ သွားကပ်ကြည့်တာမဟုတ်ဘူး။ ပြီးတော့ ခြေထောက်တွေ ညို့သကျည်းနဲ့ ခြေသလုံးမှာပေါ့လေ အညိုရောင်ကိုလည်း တွေ့တယ်။ ပြီးတော့ကျတော့ ပေါင်းမှာလည်း အညိုမည်းကြီးကိုတွေ့တယ်။ နံရိုးဘက်ကလည်း တော်တော်လေးကို ပေါ့လေ တခြမ်းနိမ့်သွားတယ်၊ ပိန်သွားတယ်လိုမျိုး အဲလို တွေ့ရတယ်။ နောက်ပြီး ဗိုက်ကြီးလည်းရောင်တယ်။ ဘယ်လိုလည်းတော့မသိဘူးနော်။ ပုံမှန်မဟုတ်ဘူး သေတာကလေ။ ခေါင်းဆိုရင်လည်း စစလာခြင်း ခေါင်းက သေးသေးလေးနဲ့။ ကိုပါကြီးက မသေးပါဘူး "တကယ်တမ်းကျရင်လေ။ ခေါင်းက တော်တော်လေးကို ကြေမွတဲ့သဘောပေါ့နော်။ မေးရိုးတွေလည်း ကျိုးတယ်လို့သိရတယ်။ သွားတွေလည်းကျိုးတယ်ပြောတယ်။ ပြီးတော့ နဖူးလောက်မှာပေါ့နော် အပေါက်သုံးပေါက်တွေ့တယ်ပြောတယ်။ ဒါကတော့ ဆေးစစ်ချက်ယူရမှာပေါ့နော်။ အလောင်းကတော့ ပြန်သယ်လာပြီ၊ ဆေးစစ်ဦးမှာပေါ့လေ။ အန်တီစိတ်မကောင်းတယ်ဆိုတာက ဘာပဲပြောပြော ထုတ်ပြန်ချက် (အစိုးရဘက်က) အရ ဘာမှ မမှန်ကန်တာ တချက်ရယ်။ ကောင်းမွန်စွာ သင်္ဂြိုဟ်ပါတယ်ဆိုပြီး အပေါ်မှာ အခု ဖျာတချပ်တောင် မပတ်ထားပါဘူး။  ပြီးကျတော့ အန်တီတို့နိုင်ငံသားတယောက်ကို ဒီလိုရက်စက်စွာလုပ်တာ အန်တီ ဒီတခါပဲတွေ့ဖူးတယ်။ အန်တီမမြင်ဖူးဘူးပေါ့နော် ဒီလိုမျိုး မမြင်ဖူးဘူး၊ တော်တော်တော့ စိတ်မကောင်းဘူး။”

ဦးနေမျိုးဇင်

“ဦးခေါင်းပိုင်း တခြမ်းလုံး နှာနုရိုးရဲ့ အပေါ်ပိုင်းတခြမ်းလုံးက ထုချေထားပြီးတော့ အထဲကို ခွက်ဝင်နေတာ တွေ့ရတယ်။ အောက်သွားတွေလည်း အကုန်လုံး ကျိုးကြေနေတယ်။ မေးရိုးလည်း သုံးပိုင်းလောက်ပိုင်းပြီး ကျိုးနေတာ တွေ့ရတယ်။ အောက်ပိုင်းတွေမှာတော့ ညာဘက်ခြေသလုံးက အထဲကို နည်းနည်းခွေဝင်နေတော့ ခြေဆစ်ကျိုးနေတယ်လို့ ခန်းမှန်းတယ်။ နောက်တခါ  ညိုမဲစွဲနေတာ ပေါင်ရင်းမှာလည်း တွေ့တယ်။ နံရိုးတခုကလည်း ဖောင်းပြီးတက်နေတယ်ဆိုတာ့ နံရိုးကျိုးထားတဲ့ သဘောလည်းရှိတယ်။ သေနတ်ဒဏ်ရာတော့ ကျနော်မတွေ့ခဲ့ဘူးဗျာ။ ဒီဘော်ဒီမှာလေ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013