
ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အရှေ့မြောက်ပိုင်းမှ ခါကိဗ်မြို့မှာ ဧပြီ ၃ ရက်က ရုရှားက မောင်းသူမဲ့လေယာဉ်တွေ ညတွင်းချင်း တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး ၃၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုသီတင်းပတ်ထဲမှာ မြို့တော်ကို စတုတ္ထအကြိမ် တိုက်ခိုက်မှုအတွင်း ရုရှားဒရုန်းတွေက လူနေရပ်ကွက်တွေကို ထိမှန်ခဲ့ပြီး အထပ်မြင့်တိုက်ခန်းတွေ ပျက်စီးကာ မီးလောင်မှုများစွာ ဖြစ်ပွားခဲ့ပါတယ်။
ခါကိဗ် ဒေသရှိ ယူကရိန်းနိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှုဌာနက ဧပြီလ ၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ လူနေအဆောက်အအုံတွေမှ ပြတင်းပေါက်တွေ လွင့်ထွက်သွားပြီး မော်တော်ယာဉ်တွေနဲ့ တခြားအဆောက်အအုံတွေ မီးလောင်နေတာကို ပြသခဲ့ပါတယ်။
မီးသတ်သမားတွေနဲ့ အရေးပေါ် ဝန်ဆောင်မှု ဝန်ထမ်းတွေဟာ မီးငြှိမ်းသတ်ပြီးတော့ နေထိုင်သူတွေကို ကူညီပေးနေကြပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ဒရုန်းတိုက်ခိုက်ခံရတဲ့နေရာမှ ကလေးငယ်တယောက်ရဲ့ ရုပ်အလောင်းကို ဧပြီ ၄ ရက်မှာ ပြန်လည်ရရှိခဲ့ပြီး မိသားစုဝင်တွေရဲ့ ပြောကြားချက်အရ သေဆုံးသူမှာ ကာတရီနာအမည်ရှိ အသက် ၁၁ နှစ်အရွယ် မိန်းကလေးဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခါကိဗ်မြို့ဟာ ဗုဒ္ဓဟူးနေ့ညနေခင်းက တနာရီကြာ တိုက်ခိုက်ခံရမှု အပါအဝင် လွန်ခဲ့တဲ့ ရက်သတ္တပတ်က ညတိုင်းနီးပါး ရုရှားဒရုန်းတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကိယက်ဗ်ဒေသရှိ ဘရိုဗာ့ရီမြို့လည်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုတွေ ကြုံခဲ့ရကြောင်း ယူကရိန်း စစ်တပ်နဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဧပြီ ၄ ရက်မှာ ပြောကြားပါတယ်။
ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရွေ့လျားဒရုန်း ရှာဖွေရေးအဖွဲ့တွေဟာ ယူကရိန်းနိုင်ငံတဝန်း ညလုံးပေါက် တိုက်ခိုက်ကြတဲ့ ရုရှားဒရုန်း ၇၈ စင်းအနက် ၄၂ လုံးကို ပစ်ချခဲ့ကြောင်း လေတပ်က ပြောကြားခဲ့ပါတယ်။
စစ်တပ်ဟာ တခြားဒရုန်းယာဉ် ၂၂ စင်းကို လမ်းကြောင်း ပြောင်းသွားဖို့ သို့မဟုတ် အယောင်ပြ လှည့်ဖြားဖို့ အီလက်ထရွန်းနစ် စစ်ပွဲကိုလည်း အသုံးပြုခဲ့တယ် လို့ ဆိုပါတယ်။
Source: Reuters