
ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ ဧပြီ ၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူတယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဧပြီ ၃ ရက် မွန်းတည့် ၁၂ နာရီလောက်က တောင်မှာ ဟင်ရှာသွားတဲ့ အမျိုးသားတယောက် စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိန္တလီမြို့ခံတယောက်က DVB ကိုပြောပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့သူကတော့ အသက် ၃၀ အရွယ်ဦးထွန်းလှအောင်(ခေါ်)ငဖေ ဖြစ်ပြီး စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်းကို နင်းမိကာ ညာဘက်ခြေထောက်တဖက်ပြတ်ထွက်ကာ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်နဲ့ဂွမြို့နယ်တွေမှာ မတ် ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။











