
မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေနဲ့အတူ လေးလေးနက်နက် ဝမ်းနည်းရတဲ့အကြောင်း Quad အဖွဲ့ဝင် ၄ နိုင်ငံဖြစ်ကြတဲ့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့က ဧပြီ ၃ ရက်စွဲနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကတိပြုထားတဲ့အတိုင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ကို ပေးအပ်သွားမယ်လို့ ပြောထားပြီး ရန်ပုံငွေနဲ့ အပြန်အလှန် ကြိုးပမ်းမှုတွေကတဆင့် ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့တာ၊ အရေးပေါ်ဆေးကုသရေးအဖွဲ့တွေ ဖြန့်ကြက်ချထားတာတွေ၊ ငလျင်ဒဏ်ခံရသူတွေကို ပြုစုစောင့်ရှောက်ပေးနိုင်ဖို့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေကိုလည်း ပံ့ပိုးကူညီနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လတ်တလော အခြေအနေမှာ မြန်မာနိုင်ငံတွင်း ယာယီ၊ တစိတ်တပိုင်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကတိကဝတ်တွေကို ကြိုဆိုသလို အဆိုပါအစီအမံတွေကို အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံတဝန်း လူသားချင်းစာနာမှု အကူအညီတွေ အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးနိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ ဝန်းကျင်တခု ဖြစ်လာစေဖို့ သက်ဆိုင်ရာ အဖွဲ့တွေ အားလုံးကို တောင်းဆိုထားပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် လူပေါင်း ၃,၉၁၁ ယောက် သေဆုံးခဲ့တယ်လို့ ဧပြီ ၄ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ DVB က ကောက်ယူစုဆောင်းထားတဲ့ စာရင်းအရ သိရပါတယ်။
ဒီအရေအတွက်ဟာ DVB က လက်လှမ်းမီသလောက် ရရှိထားတဲ့ ကိန်းဂဏန်းတွေသာ ဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။