DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပျော်ဘွယ်၊ သဲတောနှင့် ဝမ်းတွင်းမြို့တို့တွင် အဆောက်အအုံ ၅၂၀ ကျော်ပျက်စီး
DVB
·
April 4, 2025
ငလျင်ကြောင့် ပျော်ဘွယ်၊ သဲတောနှင့် ဝမ်းတွင်းမြို့တို့တွင် အဆောက်အအုံ ၅၂၀ ကျော်ပျက်စီး
Donate to DVB

အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ ဘုရားစေတီ၊ ကျောင်း၊ ဗလီ၊ စက်ရုံနဲ့ နေအိမ်အဆောက်အအုံပေါင်း ၅၂၀ ကျော် ပြိုကျပျက်စီးခဲ့တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့ကြီးတွေနဲ နည်းတူ   ထိခိုက်ပျက်စီးခဲ့တဲ့ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ် အဆောက်အဦ၊ စက်ရုံပေါင်း ၃၂၀ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀ ကျော်ရှိခဲ့ပါတယ်။ ဒါအပြင် မြို့နယ်အတွင်းက ဘုရားစေတီ၊ ကျောင်းပေါင်း ၂၀၀ နီးပါးနဲ့ ဗလီဘုရားကျောင်း ၄ လုံးပြိုကျပျက်စီးခဲ့ပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူက “တမြို့နယ်လုံးအနေနဲ့ ဦးပဥ္စင်း ၃ ပါး ပျံလွန်တော်မူတာရှိတယ်။ အဲနေ့က ဥပုသ်နေ့ ဥပုသ်သတင်းစောင့်ရင်းနဲ့ လူတွေသေတာတော့ ရွာတွေဘက်မှာရှိတယ်။ ဘုန်းကြီးပျံပွဲမှာဆိုရင် မုခ်ဦးပြိုကျတာ ၅ ယောက်လောက်သေတယ်။ နောက်ကျေးရွာတရွာမှာ ဘုရားပြိုပြီး အမျိုးသမီး ၂ ယောက်ဆုံးတယ်။  ဘုရားစေတီမှန်သမျှ မြို့ပေါ်မှန်သမျှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က  နေ့စဉ်လိုက်ရှင်းပေးတာ တော်တော်များများရှင်းပြီး သလောက်ဖြစ်သွားပြီ” လို့ ပြောပါတယ်။

လက်ရှိမှာလည်း မြေခခဲ့တဲ့ ကျောင်းဆောင်တွေကို သင်္ကြန်ပြီးမှ ရှင်းလင်းနိုင်မယ်လို့ ကျောင်းဆောင် မြေခခဲ့တဲ့ ပုလဝါကျေးရွာကျောင်းတိုက် ဆရာတော် ဦးစန္ဒာဝရ က မိန့်ပါတယ်။

“ဘုန်းကြီးကျောင်းတွေတော့ အကုန်ပျက်ကုန်တာ။ ကျောင်းမကြီးဖြိုတဲ့အထိက သင်္ကြန်ပြီးမှ လုပ်နိုင်မှာ။ ကျောင်းကြီးက အကုန်ပြိုကျတာ။ ရှေ့ကျောင်းလည်း ရှေ့ကျောင်းဆိုတော့ အကာတွေ အကုန်ပွင့်ကုန်တာ။ ကျန်တဲ့ အပိုင်းကလည်း အကုန် အက်ကုန်တာ။ ဆိုလိုတာက နေလို့မရတဲ့အနေအထားပေါ့။  ဘုရားတွေကတော့ အကုန်လုံးစေတီတော်တွေ  မြေခတယ်။”

မြေငလျင်လှုပ်ခတ်မှုကြောင့် စေတီ၊ တံခွန်တိုင်နဲ့ ကျောင်းဆောင်ကြီးပြိုကျ မြေခခဲ့တာကြောင့် သံဃာ ၃ ပါး ပျံလွန်တော်မှုခဲ့တယ်လို့ သိမ်တောင်တောရကျောင်းတိုက် ဆရာတော် ဦးနရိန္ဒ က မိန့်ပါတယ်။

“ဦးပဥ္စင်းတို့ ကျောင်းထဲကတော့ စေတီ ၄ ဆူ၊ တံခွန်တိုင် ၃ ဆူနဲ့ ကျောင်းဆောင်ကြီး ၄ ဆောင် ပြိုသွားတယ်။ သံဃာ ၃ ပါး ပျံလွန်တော်မူတယ်။” 

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း  ၃,၉၁၁ ယောက်သေဆုံးခဲ့တယ်လို့ ဧပြီ ၄ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ DVB ကကောက်ယူစုဆောင်းထားတဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013