
တရုတ်နိုင်ငံက Tiangong Ultra လူတူစက်ရုပ်ဟာ ဩဂုတ် ၂၅ ရက်က စက်ရုပ်အိုလံပစ်မှာ မီတာ ၁၀၀ ကို ၈ ဒသမ ၈၆ စက္ကန့်နဲ့ ပြေးပြီး စံချိန်သစ် တင်လိုက်ပေမဲ့ ပန်းဝင်ပြီးနောက် အကာနံရံကို ဝင်တိုက်ကာ လဲကျသွားပြီး ခါးပိုင်းက မီးပွားတွေ ထွက်ခဲ့ပါတယ်။
ဒီစက်ရုပ်ဟာ သုံးရက်အရင်ကပဲ မီတာ ၁၀၀ ကို ၉ ဒသမ ၃၉ စက္ကန့်နဲ့ ပြေးပြီး လူသားကမ္ဘာ့စံချိန်ထက် မြန်ခဲ့ပါတယ်။ အခုတော့ သူ့စံချိန်သူ ထပ်ချိုးလိုက်နိုင်တာ ဖြစ်ပါတယ်။
လူသားတွေရဲ့ မီတာ ၁၀၀ ကမ္ဘာ့စံချိန်ကတော့ ၂၀၀၉ ခုနှစ်မှာ ဂျမေကာအပြေးသမား အူစိန်ဘော့တ် တင်ထားတဲ့ ၉ ဒသမ ၅၈ စက္ကန့် ဖြစ်ပါတယ်။
ဒီစံချိန်ကို ပေကျင်းမှာ ဒုတိယအကြိမ် ကျင်းပနေတဲ့ World Humanoid Robot Games မှာ တင်ခဲ့တာဖြစ်ပြီး Tiangong Ultra ကို Beijing Humanoid Robot Innovation Center က တီထွင်ထားတာ ဖြစ်ပါတယ်။
UCLA ပါမောက္ခ ဒဲနစ်ဟောင်က “ဒါဟာ အရေးပါတဲ့ မှတ်တိုင်တခုပါ။ လူထက်မြန်တာတင် မဟုတ်ဘဲ ခြေနှစ်ချောင်းပါတဲ့ စက်ရုပ်ကို ဒီလောက်မြန်အောင် ပြေးနိုင်စေဖို့ လိုအပ်တဲ့ နည်းပညာတွေကြောင့်ပါ” လို့ ပြောပါတယ်။
အရှိန်မြင့်လာတာနဲ့အမျှ ဟန်ချက်ထိန်းမှု၊ လှုပ်ရှားမှုထိန်းချုပ်မှုနဲ့ စက်ပိုင်းဆိုင်ရာ ခိုင်ခံ့မှုတွေက ပိုခက်ခဲလာတယ်လို့လည်း ဟောင်က ဆိုပါတယ်။
ဒါကြောင့် စက်ရုပ်တွေ ဘေးကင်းစွာ ရပ်တန့်နိုင်သလား၊ အတားအဆီးတွေကို ရှောင်နိုင်သလား၊ အမှားဖြစ်ရင် ပြန်ထိန်းနိုင်သလား ဆိုတာတွေက ပိုအရေးကြီးလာတယ်လို့ ဟောင်က ထောက်ပြပါတယ်။
ဒီနှစ်ပြိုင်ပွဲမှာ စက်ရုပ် ၂,၀၀၀ ကျော် ပါဝင်ပြီး အပြေး၊ အလျားခုန်၊ စားပွဲတင်တင်းနစ်နဲ့ အကအပါအဝင် ပြိုင်ပွဲအမျိုးအစား ၅၁ ခု မှာ ယှဉ်ပြိုင်နေကြပါတယ်။











