DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးအလှူ ဓာတ်ပုံရိုက်မှုကြောင့် အကူအညီလိုအပ်သူတချို့ အခက်ကြုံ 
DVB
·
April 4, 2025
ငလျင်ဘေးအလှူ ဓာတ်ပုံရိုက်မှုကြောင့် အကူအညီလိုအပ်သူတချို့ အခက်ကြုံ 
Donate to DVB

ငလျင်ဘေးသင့်နေရာတွေမှာလှူဒါန်းမှုနဲ့ ပတ်သက်ပြီး တချို့က ဓာတ်ပုံရိုက်ယူနေတာကြောင့် အကူအညီ တကယ်လိုအပ်သူတချို့ လက်ခံမယူရဲဘဲ အခက်အခဲရှိနေတယ်လို့ ကူညီရေးအဖွဲ့ တာဝန်ရှိသူတချို့နဲ့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းအတွင်း မြို့နယ်အများအပြားမှာ ဆိုးရွားတဲ့ ထိခိုက်မှုတွေနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ငလျင်ဘေးသင့်ဒေသတွေဆီ နိုင်ငံတဝန်းက ထောက်ပံ့ကူညီရေး သွားရောက်သူများစွာ ရှိနေပေမဲ့ လုံလောက်မှု ရှိမနေသေးသလို တချို့ ဓာတ်ပုံမှတ်တမ်းတင်သူတွေကြောင့် အကူအညီလိုအပ်ပြီး လက်ခံမယူရဲတဲ့ ဒုက္ခရောက်သူတွေ ရှိနေတယ်လို့ ကိုယ်တိုင် ကူညီဆောင်ရွက်ပေးနေသူတချို့က ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ထောက်ပံ့ကူညီရေး လုပ်နေသူတယောက်က “ကင်မရာကိုင်တဲ့ လှူသူတွေ ရှိနေတာ အတော်အဆင်မပြေဘူး။ ငလျင်ဘေးကြောင့် ဒုက္ခရောက်သူတွေက အလှူခံပစ္စည်း လက်ခံယူပြတဲ့ပုံ ရိုက်ခံရမှာကို မလိုလားတာကို ပြန်ကြားရတယ်။ ဓာတ်ပုံရိုက်ခံရမှာကြောက်လို့ ထောက်ပံ့ပစ္စည်းတောင် ထွက်မယူရဲတာတွေ တော်တော်များများရှိတယ်” လို့ ပြောပါတယ်။

စစ်ကိုင်းမြို့မှ ငလျင်ဘေးကြောင့် အခက်တွေ့နေသူတယောက်ကလည်း လာရောက်ကူညီသူ တချို့က ဓာတ်ပုံရိုက်ယူတာကို စိတ်မသက်မသာ ကြုံရတယ်လို့ ဆိုပါတယ်။

“တကယ်ဒုက္ခရောက်လို့သာ မတတ်သာလို့ အကူအညီယူရတာဗျာ၊ အဲဒီလိုကြီး ဓာတ်ပုံတွေ ရိုက်ခံရတော့ ရှက်တာအမှန်ပဲ။”

လက်ရှိမှာ အနယ်နယ်အရပ်ရပ်က ကူညီထောက်ပံ့ရေးအဖွဲ့တွေ သွားရောက်ရာမှာ အမှန်တကယ် အကူအညီလိုအပ်သူထက် ငလျင်ဘေးသင့်သူဟန်ဆောင်ကာ ကြားဖြတ် တောင်းရမ်းသူတွေ ပိုများတာ တွေ့ရတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ဆိုပါတယ်။

လက်ရှိကြုံရတဲ့ ငလျင်ဘေးမှာ မြန်မာနိုင်ငံအတွက် ထိခိုက်ဆုံးရှုံးမှု အများဆုံး သဘာဝဘေးတခု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၃,၉၀၁ ယောက်၊   ဒဏ်ရာရသူ ၅,၉၇၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၁၉ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၃ ယောက်ရှိပြီလို့  ဧပြီ ၃ ရက် ည ၈ နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီ ငလျင်ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကယ်ဆယ်ရှာဖွေရေး လုပ်ငန်းတွေကို လုပ်ဆောင်နေဆဲ ဖြစ်သလို ထိခိုက်ပျက်စီးမှုတွေအတွက် ပြန်လည်ထူထောင်ရေး အကူအညီတွေ များစွာလိုအပ်နေသေးတယ်လို့ မြေပြင်မှာ ကူညီရေးလုပ်ငန်း လုပ်နေသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013