DVB Logo
Home
မြန်မာသတင်း
အောင်ဇေယျတု ဂျာနယ် ရေးသားချက် ဥပဒေနှင့်ငြိစွန်းဟု အစိုးရထုတ်ပြန်
DVB
·
November 5, 2014
အောင်ဇေယျတု ဂျာနယ် ရေးသားချက် ဥပဒေနှင့်ငြိစွန်းဟု အစိုးရထုတ်ပြန်
Donate to DVB

အောင်ဇေယျတု ဂျာနယ်ပါ ရေးသားချက်တွေဟာ ဥပဒေနဲ့ ငြိစွန်းကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက စိစစ်တွေ့ရှိတယ်လို့ ဒီနေ့ထုတ် အစိုးရပိုင် သတင်းစာတွေက ကြေညာခဲ့ပါတယ်။

1888534_616010751782058_495384626_n၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ထုတ် ဂျာနယ်ပါ အကြောင်းအရာတွေဟာ အစ္စလာမ် ဘာသာကို မဟုတ်မမှန် စွပ်စွဲ ပုတ်ခတ်ရေးသားမှုနဲ့ ပတ်သက်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက နိုင်ငံတော် သမ္မတထံ တိုင်ကြားခဲ့ပါတယ်။

တရားဥပဒေအရ အရေးယူတဲ့အဆင့်ကို မရောက်မီ စာနယ်ဇင်းကောင်စီယာယီက ကျင့်ဝတ်နဲ့အညီ ထိန်းသိမ်းညှိနှိုင်းပေးဖို့ ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက်နေ့က စာပေးပို့ထားတယ်လို့ ကြေညာချက်က ဖော်ပြထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၅ ရက်နေ့မှ ထုတ်ပြန်ပေမယ့် စာနယ်ဇင်းကောင်စီ ယာယီကတော့ လွန်ခဲ့တဲ့ သတင်းပတ်ကတည်းက  ဂျာနယ် တာဝန်ခံ အယ်ဒီတာနဲ့ အယ်ဒီတာတဦးတို့ကို ကောင်စီက ခေါ်ယူညှိနှိုင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ညှိနှိုင်းရာမှာ ဂျာနယ်တာဝန်ရှိသူတွေက နောက်နောင် ပြင်းထန်တဲ့အရေးသားတွေ မပါရှိအောင် ထိန်းသိမ်းမယ်လို့ အာမခံခဲ့ကြောင်း စာနယ်ဇင်းကောင်စီ ယာယီရဲ့ အငြင်းပွားမှုနဲ့ တိုင်ကြားမှု ဖြေရှင်း ညှိနှိုင်းရေး ကော်မတီဝင် ဦးမြင့်ကျော်က ပြောပါတယ်။

“သူတို့ရေးသားမှုတွေက ပြောရင်တော့ တဖက်ဘာသာဝင်တွေကို စိတ်ထိခိုက်စေ၊ စိတ်ဆိုးစေတဲ့ ရေးသားမှု တွေတော့ တွေ့တယ်။ ဒါပေမယ့် ဂျာနယ်ကတော့ ပြောတာ ဒါဆောင်းပါးရှင်ရဲ့ အာဘော်ပေါ့။ ဒီလို ပြင်းထန်တဲ့ ရေးသားမှုတွေက သူတို့တွေတင်မကဘူး တခါတလေမှာ တခြားဆန့်ကျင်ဘက် ဂျာနယ်လိုဟာမျိုးတွေ ကလည်း ရေးခဲ့တဲ့ ဟာတွေရှိတယ်ဆိုတာမျိုးပြောတယ်။”

ဒီလိုခေါ်ယူညှိနှိုင်းမှုနဲ့ပတ်သက်ပြီး ပြန်ကြားရေးဌာနကို ကော်မတီတာဝန်ခံက စာပြန်ထားပေမယ့် ရောက်မရောက်တော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

အောင်ဇေယျတုဂျာနယ်က တာဝန်ခံ အယ်ဒီတာ ဦးငြိမ်းချမ်းသာကလည်း ဘာသာရေးနဲ့နွယ်တဲ့ အကဲဆတ်တဲ့ အရေးအသားတွေ မပါဖို့ ညှိနှိုင်းခဲ့တယ်လို့ ပြောပါတယ်။

“ကောင်စီနဲ့သဘောတူညီမှုယူခဲ့တာကတော့ ကျနော်တို့ဂျာနယ်မှာ ဒီလို အကဲဆတ်တဲ့ အရေးအသားတွေ မဖော်ပြဖို့ပေါ့၊ ဆက်ပြီးမဖော်ပြဖို့ပေါ့။ ဆက်ပြီးမဖော်ပြဖို့ဆိုတာက နောက်နောင် မဖော်ပြဖို့ သတိထားပြီး စိစစ်ဖို့ပေါ့၊ လုံးဝမဖော်ပြဖို့လည်း မဟုတ်ဘူး ကျနော်တို့ သတိထားရမှာပေါ့၊ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး မဖော်ပြဖို့ ဆောင်ရွက်နေပါတယ်။”

ဒါ့အပြင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ  ၂၀၁၄ ဇန်န၀ါရီ ၃၁ ရက် အောင်ဇေယျတု ဂျာနယ်နဲ့ ဖေဖော်ဝါရီ ၃ ရက်ထုတ် ဇမ္ဗူဒိပ်ဂျာနယ် ဆောင်းပါးတွေနဲ့ ပတ်သက်ပြီးလည်း စာနယ်ဇင်းကောင်စီက ညှိနှိုင်းပေးဖို့ ပြောဆိုခဲ့သေးတယ်လို့ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၇ ရက်ထုတ် ဂျာနယ်ပါ ရေးသားချက်တွေဟာ ဇာတိ၊ ကိုးကွယ်ရာဘာသာ လူတမျိုးမျိုးကို အကြောင်းပြုပြီး ပဋိပက္ခဖြစ်စေသော လှုံ့ဆော်ရေးသားမှုတွေကို ရှောင်ကြဉ်ခြင်း၊ တိုင်းရင်းသား လူမျိုးနိုင်ငံသား အချင်းချင်း လူမျိုးရေး၊ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ၊ ထိခိုက်နစ်နာစေမယ့် အကြောင်းအရာတွေကို ဖော်ပြခြင်း၊ တရားဥပဒေစိုးမိုးရေး နိုင်ငံသားတိုင်း တန်းတူမှု လွတ်လပ်မှု တရားမျှတမှု အခွင့်အရေးတွေကို ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ဖော်ပြခြင်း မပြုရဆိုတဲ့ အချက်ကို ဖောက်ဖျက်ရာ ရောက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013