DVB Logo
Home
မြန်မာသတင်း
ဒုဋ္ဌဝတီမြစ် တံတားကျိုးကျပြီး သမီးဖြစ်သူကို ဆုံးရှုံးခဲ့သည့် ဖခင် 
DVB
·
April 3, 2025
ဒုဋ္ဌဝတီမြစ် တံတားကျိုးကျပြီး သမီးဖြစ်သူကို ဆုံးရှုံးခဲ့သည့် ဖခင် 
Donate to DVB

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ အင်းဝမြို့က ဒုဋ္ဌဝတီ (မြစ်ငယ်) မြစ်ကူးတံတား ကျိုးကျပြီး မြစ်ထဲကျသွားတဲ့ သမီးဖြစ်သူကို ဖခင်ဖြစ်သူက တယောက်တည်း ဆက်လက်ရှာဖွေနေပါတယ်။

ငလျင်လှုပ်ချိန်မှာ ဒုဋ္ဌဝတီ မြစ်ကူးတံတာအပေါ် သားဖနှစ်ယောက်လုံး ရောက်ရှိနေတာဖြစ်ပြီး ဆိုင်ကယ်နဲ့အတူ ၂ ယောက်လုံး ရေထဲကို ပြုတ်ကျခဲ့တာမှာ သမီးဖြစ်သူက ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

သမီးပျောက်ရှာနေတဲ့ ဖခင်က “ကျနော်တို့ အိမ်ပြန်လမ်းမှာ တံတားပေါ်ရောက်ချိန် မြေကြီးတွေ လှုပ်တယ်လို့ ခံစားရပါတယ်။ အဲဒါနဲ့ ဘီးများပေါက်သလားလို့ ဆိုင်ကယ်ကို ရပ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျနော်ခံစားလိုက်ရတာက ငလျင်လှုပ်တာပါ။ မြစ်ကူးတံတားအလယ်ကို ရောက်နေလို့ ကျနော် စပြီး ကြောက်လာပါတယ်။ ရှေ့တိုးလို့လည်း မရ၊ နောက်ဆုတ်လို့လည်း မရ ဖြစ်နေပါတယ်။ စက္ကန့်အနည်းငယ်အတွင်း တံတားက ပြင်းပြင်းထန်ထန်လှုပ်ခတ်ကာ ပြိုကျပါတယ်။ ကျနော့်ကို ကိုင်ထားဖို့ သမီးကို လှမ်းပြောပါတယ်။ ဒါပေမဲ့ ရုတ်တရက် သမီးနဲ့ ဆိုင်ကယ်ပါ မြစ်ထဲကို ပြုတ်ကျခဲ့ပါတယ်။ ကမ်းကိုရောက်ဖို့ ကျနော် ကူးခတ်ခဲ့ပါတယ်။ သမီးလည်း ရေထဲမှာရှိမယ်လို့ ကျနော်သိတာကြောင့် ရှာဖွေတာတွေ စလုပ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

တံတား မြစ်ထဲကို ကျိုးကျချိန် ပါသွားတဲ့ သမီးဖြစ်သူ သေဆုံးပြီဆိုတာ သိပေမဲ့ ဖခင်ဖြစ်သူရဲ့ စိတ်ထဲမှာတော့ သူ့သမီး အသက်ရှင်သေးတယ်လို့ ယုံကြည်နေတုန်းပါ။

ရှာဖွေမှု တပတ်လောက်အကြာမှာတော့ သမီးဖြစ်သူရဲ့ ရုပ်အလောင်းကို တွေ့ချင်တဲ့ မျှော်လင့်ချက်နဲ့ပဲ ဆက်လက်ရှာဖွေနေကာ လူငှားပြီးလည်း သမီးဖြစ်သူရဲ့ ရုပ်အလောင်းကို မရှာနိုင်ဘူးလို့ ပြောပါတယ်။

သမီးပျောက်ရှာနေတဲ့ ဖခင်က “ကျနော့်သမီးလေး အသက်ရှင်နေဦးမယ်လို့ ခံစားရပါတယ်။ နောက်တော့ သူသေပြီလို့ သိပေမဲ့ ရုပ်အလောင်းရှာတွေ့ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီနေရာမှာ ကယ်ဆယ်ရေးအဖွဲ့တွေ မရှိတာကြောင့် ရှာဖွေရေးတွေကို ကိုယ်တိုင်လုပ်ခဲ့ပါတယ်။ လူငှားပြီးရှာမယ်ဆိုရင် အလောင်းမတွေ့ရင် ၂ သိန်း၊ တွေ့ရင် ၁၀ သိန်း ပေးရမှာပါ။ ဒီလိုလည်း မပေးနိုင်တာကြောင့် ကိုယ်တိုင်ပဲ ရှာနေပါတယ်။ ဒီမှာ ကျနော့်ကို ကူညီမယ့်သူ တယောက်မှ မရှိပါဘူး” လို့ ပြောပါတယ်။

ကယ်ဆယ်ရေးတွေ လာရောက်တာမရှိသလို လူငှားပြီးရှာဖို့လည်း အခက်အခဲ ဖြစ်နေပါတယ်။

မတ် ၂၈ ရက် နေ့လယ်က မန္တလေးမြို့အနီး ဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့  ပြင်းအား ရစ်ချ်တာစကေး  ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြောင့် ဧပြီ ၃ ရက် နေ့လယ် ၁  နာရီအထိ စုစုပေါင်း သေဆုံးသူ ၃,၈၈၅ ယောက်ရှိနေပြီလို့ DVB က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013