DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးကူညီကယ်ဆယ်နေသူများ ရွှေ၊ ငွေ တန်ဖိုးကြီးပစ္စည်းတွေ့ရှိပါက စစ်တပ်ကို အပ်ရမည်
DVB
·
April 3, 2025
ငလျင်ဘေးကူညီကယ်ဆယ်နေသူများ ရွှေ၊ ငွေ တန်ဖိုးကြီးပစ္စည်းတွေ့ရှိပါက စစ်တပ်ကို အပ်ရမည်
Donate to DVB

ငလျင်ဘေးဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ရွှေ၊ ငွေ၊ တန်ဖိုးကြီးပစ္စည်းတွေ တွေ့ပါက တိုင်းစစ်ဌာနချုပ်တွေကို ဆက်သွယ်ပြီး အပ်နှံရမယ်လို့ ညွှန်ကြားထားပါတယ်။

မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနဲ့ ရှမ်းတောင်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ တိုင်းစစ်ဌာနချုပ် အသီးသီးက အရာရှိ၊ စစ်သည်တွေကို ဧပြီ ၁ ရက်ကစပြီး ညွှန်ကြားခဲ့တာလို့ လပခနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ကယ်ဆယ်ရေးလုပ်ရင်း ရွှေထည်ပစ္စည်းပဲ တွေ့တွေ့၊ ပိုက်ဆံ ဒါမှမဟုတ် တခြားတန်ဖိုးကြီးတာ တွေ့ရင် အဖွဲ့မှာပါလာတဲ့ အရာရှိကိုအပ်၊ အဲဒီအရာရှိကတဆင့် တိုင်းစစ်ဌာနချုပ်ကို အပ်ရမှာ၊ နိုင်ငံတကာက ရောက်နေတော့ တပ်ကလူတွေ အရှက်ရမှာစိုးလို့ သတိပေးတာ။”

မန္တလေးတိုင်း ငလျင်ဘေး ကူညီကယ်ဆယ်ရေး အလှူငွေလက်ခံရေးကို ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က တာဝန်ယူထားတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေက ပိတ်မိနေတဲ့သူတွေကို ကယ်တင်ဖို့ထက် ပြိုကျပျက်စီးနေတဲ့ အပျက်အစီးတွေက ရွှေ၊ ငွေ၊ လက်ဝတ်လက်စားတွေကို ရှာဖွေဖို့သာ အားသန်နေတယ်လို့ မန္တလေးမြို့ခံတယောက်က DVB  ကို ပြောပါတယ်။

“ဖြစ်တဲ့နေ့က စစ်တပ်ရောက်လာတာ လက်ဗလာနဲ့၊ စစ်တပ်ကယ်မှာ စောင့်နေရင် အကုန်သေမှာ။ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာလို့ တော်သေးတယ်။ စစ်သားတွေက လူကယ်ဖို့ထက် အပျက်အစီးတွေကြားက ရွှေတွေ ငွေတွေ ရှာဖို့ တွေးနေတာ။”

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ က နာဂစ်မုန်တိုင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ရင်း ချမ်းသာသွားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အကျင့်စရိုက် သိတဲ့အတွက် သတိပေးတာ ဖြစ်မယ်လို့ အငြိမ်းစားစစ်မှုထမ်းဟောင်းယောက်က DVB ကို ပြောပါတယ်။

“နာဂစ်မှာ တပ်ကအရာရှိတွေ အတော်လေးချမ်းသာသွားတာ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့တာဆိုတော့ ငလျင်ကို အကြောင်းပြပြီး စစ်တပ်ကအရာရှိတွေ အလှူငွေစာရင်း ဖြောင်မှာ၊ အောက်ခြေစစ်သားတွေကို ကယ်ဆယ်ရေးမှာ တွေ့တဲ့ပစ္စည်းယူမှာကို စိုးရိမ်နေတာ။ နိုင်ငံတကာကလည်း ရောက်နေတော့ အရှက်ကွဲမှာစိုးလို့ သတိပေးနေတာ။”

ဒီကနေ့ ဧပြီ ၃ ရက် မနက် ၈ နာရီအထိ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၃,၀၈၅ ယောက်၊ ဒဏ်ရာရသူ ၄,၇၁၅ ယောက်၊ ပျောက်ဆုံးသူ ၃၄၁ ယောက် ရှိတယ်လို့ ဖော်ပြထားပေမဲ့ မြေပြင်အချက်အလက်တွေနဲ့ ကွာခြားမှုရှိနေဆဲပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013