DVB Logo
Home
မြန်မာသတင်း
ဧရာဝတီအောက်ပိုင်းဒေသ မိုးများပြီး စပါးနှံပျက်စီး၊ လယ်ရေလွှမ်း
DVB
·
November 5, 2014
ဧရာဝတီအောက်ပိုင်းဒေသ မိုးများပြီး စပါးနှံပျက်စီး၊ လယ်ရေလွှမ်း
Donate to DVB

ဧရာဝတီတိုင်း အောက်ပိုင်းဒေသတွေဖြစ်တဲ့ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ် စတဲ့ဒေသတွေမှာ အခုရက်ပိုင်း ချိန်ခါမဟုတ်ရွာတဲ့မိုးကြောင့် စပါးနှံတွေ ပျက်စီးကုန်ပြီး လယ်တွေရေလွှမ်းနေ တယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

[caption id="attachment_69875" align="alignright" width="361"]သြဂုတ်လက ဧရာဝတီတိုင်းရှိ လယ်မြေများ ရေနစ်မြုပ် ပျက်ဆီး သြဂုတ်လက ဧရာဝတီတိုင်းရှိ လယ်မြေများ ရေနစ်မြုပ် ပျက်ဆီး[/caption]

လယ်သမားတွေ မိုးစပါးရိတ်သိမ်းနေချိန်မှာ အခုလို မိုးရွာချလိုက်တာကြောင့် ပျက်စီးကုန်တာလို့ ဒေသခံလယ်သမား ဦးသိန်းအောင်က ပြောပါတယ်။

“စပါးပင်ပျက်တာ မဟုတ်ဘူး။ အနှံပျက်တာ။ ဦးလေးတို့ လယ်သမားတွေလောကမှာ မျိုးစေ့ အပျက်အစီးနဲ့ ပထမကြုံရတယ်။ ဒီနှစ်ဆို မျိုးစေ့ကြဲတဲ့အချိန်မှာ ကြွက်အလွန်ပေါလို့ ကြွက်ဒဏ် ခံရတယ်။ မအောင်မြင် အောင်မြင်အောင်လုပ်တယ်။ အပင်ဖြစ်လာတယ်။ စပါးပင်ဖြစ်လာတဲ့ အခါ မြေနိမ့်ပိုင်းတွေမှာ မိုးများတဲ့အခါ အပင် တလသား နှစ်လသား ရေမြုပ်တဲ့ဘေး ကြုံရတယ်။ စပါးလုံးလာတဲ့အခါ ဖုံးလာတဲ့အခါ ကြွက်ကိုက်တဲ့ဘေး ကြုံရပြန်တယ်။ ကြွက်ကိုက်တဲ့ဘေးက လွတ်တဲ့ကျန်တဲ့ စပါးက အခု အနှံမှည့်ပြီ။ ဒါ ရိတ်ပြီးရင် ပါးစပ်ထဲရောက်ပြီ ဆိုပါတော့။ ဒီလိုအချိန်မှာ မိုးရွာတော့ အခု ကောက်လှိုင်းတွေမှာ အစို့ပေါက်သွားပြီ။ ရေမြုပ်သွားပြီဆိုတော့ ဒီစပါး ပျက်ပြီပေါ့ဗျာ။”

မိုးအဆက်မပြတ် ရွာနေတာ ၄-၅ ရက်လောက် ရှိသွားပြီဖြစ်ပြီး ဧရာဝတီအောက်ပိုင်း ဒေသတွေမှာ မိုးရွာသွန်းမှု အများဆုံး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပုံမှန်အတိုင်းဆိုရင် ကောက်လှိုင်းတွေစီးပြီး ပုံထားလိုက်ရုံ လုပ်ရမှာဖြစ်ပေမယ့် အခုတော့ ရေနစ်နေတဲ့ ကောက်လှိုင်းစီးတွေကို ဆယ်ပြီး နေလှန်း ခြွေလှေ့ကြရတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုးနဲ့ ရသလောက် စပါးပြန်ယူနိုင်ဖို့အတွက် လူအင်အားနဲ့ လုပ်အားခ အမြောက်အမြား သုံးစွဲကြရတော့မှာ ဖြစ်ပါတယ်။

ပဲခူးတိုင်းအနောက်ပိုင်း၊ အုတ်ဖိုမြို့က လယ်သမား ဦးထွန်းတင်ကတော့ သူတို့ဘက်မှာ မိုးရွာတာ နည်းသေးလို့ အခက်အခဲ မရှိသေးပေမယ့် အခုရက်ပိုင်း မိုးဆက်ရွာရင်တော့ စပါးပျက်စီး နိုင်တယ်လို့ ပြောပါတယ်။

“ဦးလေးတို့ဘက်က မိုးသဲကြီးမဲကြီး မရွာသေးဘဲ ဖွဲဖွဲပဲရွာနေတယ်။ ဧရာဝတီတိုင်းလောက်တော့ လယ်ကွင်းတွေထဲ ရေပြည့်တဲ့အဆင့် မရှိသေးဘူး၊ ဆက်တိုက်အုံ့ပြီး ရွာရင်တော့ ပျက်စီးနိုင် တယ်။ လောလောဆယ်တော့ ဖြောက်ဖြောက်ပဲ ရွာသေးတော့ အဆိုးကြီး အပျက်အစီး မရှိသေးဘူး။”

မိုးလေ၀သဌာနရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီးနောက် ၂ ရက်လောက်ဆို မုန်တိုင်းငယ်ဖြစ်လာ နိုင်တယ်လို့ သိရပါတယ်။

ဒီနှစ်မှာ စပါးဈေးကျနေပြီး အခုလို ရာသီကြောင့်ပါ စပါးပျက်ရင် လယ်သမားတွေအဖို့ တပူပေါ်နှစ်ပူဆင့် ဖြစ်ကြရမယ့်ကိန်း ဆိုက်နေတာပါ။

ဧရာဝတီတိုင်းအောက်ပိုင်းက လယ်သမား ဦးသိန်းအောင်က “လယ်သမားကို ဆင်းရဲစေတဲ့ အကြောင်းတွေထဲမှာ ရာသီ၊ ပိုးမွှား၊ ဈေးနှုန်းများကြောင့်လို့ ဆိုထားတယ်။ ရာသီကြောင့်လည်း အခုလို အပျက်အစီးတွေ ကြုံရတယ်။ ပိုးမွှားကြောင့်လည်း ပျက်စီးတယ်။ ဒါတွေ ကျော်လာပြန်တော့ ဒီနှစ်လို စပါးဈေး ၃သိန်း ဈေးကျတယ်။ အဲ့ဒီ ၃ မျိုးကြောင့် နိုးကြားဖော်ထုတ် တောင်သူလုပ်လဲ ကြွေးထုတ်ဝန်ပိ ခါးမယ်ချည့်၏ ဆိုတာလိုမျိုး လယ်သမားတွေ ကြွေးဝန်ပိပြီး ခါးချည့်နေရတဲ့ ဘ၀ဟာ အဲ့ဒီဘေးဒုက္ခ ၃ မျိုးနဲ့ အမြဲလို ကြုံတွေ့နေရလို့ပါပဲဗျာ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013