DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီလုပ်ရပ်ကြောင့် ပရဟိတလူငယ်များ ငလျင်ကယ်ဆယ်ရေးတွင် အင်အားပြည့် မပါဝင်နိုင်
DVB
·
April 2, 2025
စစ်ကောင်စီလုပ်ရပ်ကြောင့် ပရဟိတလူငယ်များ ငလျင်ကယ်ဆယ်ရေးတွင် အင်အားပြည့် မပါဝင်နိုင်
Donate to DVB

ဝေဝေ

စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကန့်သတ်ထားတာတွေ ကြောင့် စိန်ခေါ်မှုတွေများနေတဲ့ ပရဟိတလူငယ်တွေဟာ ငလျင် ကူညီကယ်ဆယ်ရေးတွေမှာ ထဲထဲဝင်ဝင် ပါဝင် လုပ်ဆောင်နိုင်တာ မရှိကြဘူးလို့ သိရပါတယ်။

အာဏာသိမ်း ၄ နှစ်ကျော်ကာလမှာ စစ်ကောင်စီက လူငယ်တွေကို အကြမ်းဖက်တာ ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေအပြင် ပရဟိတလုပ်ဆောင်နေကြတဲ့ လူငယ်တွေအများစုက သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးတွေမှာ အရင်ကလို့ ထဲထဲဝင်ဝင်ပါဝင်ကူညီ လုပ်ဆောင်နိုင်တာ မရှိဘူးလို့ ပရဟိတလူငယ်တွေနဲ့ ကယ်ဆယ်ရေးမှာ ပါဝင်နေသူတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက လူငယ်အင်အား ၃၀ ကျော်နဲ့ ပရဟိတအလုပ်တွေမှာ တက်တက် ကြွကြွပါဝင်ခဲ့ပြီး သဘာဝဘေးအန္တာရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေးတွေမှာလည်း လူအင်အားအပြည့်နဲ့ ကူညီနိုင်ခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်မှာတော့ ပရဟိတအသင်း အဖွဲ့မှတ်ပုံတင်ခိုင်းတာကြောင့် ပရဟိတအလုပ်တွေမှာ ထဲထဲဝင်ဝင်မပါဝင်ဖြစ်တဲ့အကြောင်းနဲ့ ငလျင်ဒဏ်ကူညီကယ်ဆယ်ရေးမှာလည်း ဦးဆောင်မပါ ဝင်နိုင်ကြောင်း အဖွဲ့ခေါင်းဆောင် တယောက်က ပြောပါတယ်။

“အခုလိုအချိန်မျိုးမှာတော့ ငလျင်ဘေးကြောင့် ဒုက္ခရောက်တဲ့သူတွေကို မြင်ပြီး လူငယ်တယောက်အနေနဲ့ တကယ်ကို တက်တက်ကြွကြွကူညီချင်ပါတယ်။ သို့သော် စစ်တပ်ရဲ့ လက်အောက်မှာနေပြီး သူတို့ကန့်သတ်ချက်တွေ၊ သူတို့ရဲ့ လက်အောက်ကနေလုပ်ရမှာကျ အဆင်မပြေတာတွေရှိတယ်။ အမှန်တိုင်းပြောရရင် ဒီငလျင်မှာ တော်တော်လေး အဆင်မပြေတာဖြစ်တာကြောင့် တော်တော်လေးကို ကူညီချင်ပါတယ်။ ဒါကြောင့်လည်း သူတို့ လက်အောက်မှာ မလုပ်ချင်ပေမယ့် ခက်ခက်ခဲခဲကူညီနေကြတဲ့ လူငယ်တွေကိုပဲ အနောက်ကနေ ပံ့ပိုးတာတွေ လောက်ပဲ လုပ်ဖြစ်တယ်။”

ပရဟိတလုပ်ဆောင်ခဲ့တဲ့ လူငယ်တချို့ကလည်း စစ်မှုထမ်းတိမ်းရှောင်ရင်း နေရပ်မှာ မရှိတာကြောင့် ငလျင်အတွက်အကူအညီတွေကို ပေါ်ပေါ်ထင်ထင် မပါဝင်နိုင်တာလို့ ဆိုပါတယ်။

လက်ရှိ ဖြစ်ပျက်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၃၀၀၀ နီးပါးသေဆုံးပြီး  ဒဏ်ရာရသူ ၄၀၀၀ ကျော်နဲ့ ပျောက်ဆုံးနေသူ ၃၇၃ ယောက်ရှိနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ကူညီကယ်ဆယ်ရေးတွေကို လုံလောက်အောင် မလုပ်ဆောင်နိုင်ဘဲ နိုင်ငံတကာကိုသာ ကူညီပေးဖို့ အကြိမ်ကြိမ်တောင်းဆိုနေပါတယ်၊

မြေပြင်မှာ ကူညီကယ်ဆယ်ရေးတွေ မလုံလောက်တာဟာ စစ်ကောင်စီရဲ့ လူငယ်တွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ လုံခြုံရေး အနေအထားတွေကြောင့် ဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူ တယောက်က ပြောပါတယ်။

“ငလျင်ရဲ့ဒဏ် နောက်ဆက်တွဲဆိုးကျိုးရဲ့ဒဏ်၊ အသက်ရှင်ပါလျက်နဲ့ မရှင်နိုင်တော့တဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်နေရတယ်။ အကြောင်းအရင်းက လူငယ်တွေပြည်တွင်းမှာ မရှိတာက တကြောင်း၊ ရှိနေတဲ့ လူငယ်တွေမှာလည်း လုံခြုံရေးဆိုင်ရာ အကန့်အသတ်တွေ အများကြီး ရှိလာတယ်။ အထူးသဖြင့်လူငယ်တွေ ညပိုင်း ခရီးထွက်ဖို့၊ ခရီးထွက်ဖို့ ထောက်ခံချက်တွေ ရရှိဖို့၊ သွားကူညီတဲ့နေရာမှာလည်း အဖမ်းမခံရဘူးလို့ အာမမခံနိုင်ဘူး။ သွားနေရင်း စစ်မှုထမ်းဖို့ ပေါ်တာမဆွဲဘူး၊ အဖမ်းမခံရဘူးလို့ အာမမခံနိုင်ဘူး။ တကယ်ကိုပဲ လူငယ်တွေကို အကြောင်းအရင်းမျိုးစုံနဲ့ဖမ်းဆီးနိုင်တယ်။ ဒီအခြေအနေတွေကြောင့်  ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အခုကြည့် အသက်ကူညီနိုင်မယ့် လက်များစွာ ဖေးမကူညီနိုင်မယ့် လက်များစွာ  လူ့စွမ်းအားမြောက်မြားစွာ  ဆုံးရှုံးနေရတာ။”

DVB ရဲ့ ဧပြီလ ၂ ရက် နေ့လယ် ၁ နာရီအထိ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရကတော့ ငလျင်ကြောင့် လူပေါင်း ၃၈၄၈ ယောက်သေဆုံးပြီး  ဒဏ်ရာရသူ ၄၇၂၅ ယောက်နဲ့ ပျောက်ဆုံးနေသူ ၇၀၈ ယောက်ရှိနေပြီ ဖြစ်ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013