
ပစိဖိတ်ဒေသမှာ စစ်ရေးအင်အား တိုးချဲ့လာတဲ့ ဂျပန်ဟာ “စစ်နိုင်ငံအဖြစ် ပြောင်းလဲနေတယ်” လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမ ကင်မ်ယိုးဂျုံက ဩဂုတ် ၅ ရက်မှာ စွပ်စွဲ ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ပိုင်းက ဂျပန်အတွက် “နောက်ထပ်စစ်ရေးနည်းလမ်းတွေ” ပြင်ဆင် သွားမယ်လို့ ကင်မ်ယိုးဂျုံက ပြောပါတယ်။
“စစ်ရာဇဝတ်နိုင်ငံဖြစ်တဲ့ ဂျပန်ဟာ စစ်နိုင်ငံအဖြစ် အလျှင်အမြန် ပြောင်းလဲနေတယ်” လို့ ကင်မ်ယိုးဂျုံက ထပ်မံ ပြောဆိုပါတယ်။
ဂျပန်ရဲ့ တိုမာဟော့ခ်ဒုံးကျည် စမ်းသပ်မှုနဲ့ မေလက ဖိလစ်ပိုင်နဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ကြိုတင် တိုက်ခိုက်နိုင်စွမ်းရယူဖို့ ကြိုးပမ်းတဲ့ သက်သေတွေလို့ သူက ဆိုပါတယ်။
ဒါ့အပြင် “ဂျပန်ရဲ့ စစ်ရေးပြောင်းလဲမှုကို ဘေးကနေ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး” လို့လည်း သတိပေးပါတယ်။
ဂျပန်ဟာ စစ်အသုံးစရိတ်တွေ တိုးမြှင့်တာ၊ ကာကွယ်ရေးသဘောတူညီချက်တွေ လုပ်တာနဲ့ အစွန်အဖျားကျွန်းတွေမှာ ဒုံးပစ်စင်တွေ ချထားတာတွေကို လုပ်ဆောင်လာတာပါ။
ဩဂုတ် ၄ ရက်မှာတော့ ဂျပန်ကာကွယ်ရေးဝန်ကြီးက တရုတ်၊ ရုရှားနဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် စစ်အင်အားကို အရေးတကြီး မြှင့်တင်ဖို့လိုတယ်လို့ ပြောပါတယ်။
ဂျပန်ဟာ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ဖူးပြီး ၂၀၂၅ ခုနှစ်အတွက် စစ်အသုံးစရိတ်ကို ၉ ဒသမ ၇ ရာခိုင်နှုန်းတိုးကာ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၂ ဘီလီယံအထိ သုံးစွဲသွားမှာပါ။
တရုတ်နိုင်ငံကလည်း ဂျပန်ရဲ့ “စစ်ဝါဒသစ်” အပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ မှတ်ချက်ကြောင့်လည်း တရုတ်နဲ့ ဂျပန် ဆက်ဆံရေး ပိုမိုဆိုးရွားလာပါတယ်။
Source:Reuters











