DVB Logo
Home
မြန်မာသတင်း
ဗန်းမော်တွင် KIA က ထိုးစစ်ရပ်ထားသော်လည်း စစ်ကောင်စီက နေ့စဉ် လေကြောင်းဗုံးကြဲ
DVB
·
April 2, 2025
ဗန်းမော်တွင် KIA က ထိုးစစ်ရပ်ထားသော်လည်း စစ်ကောင်စီက နေ့စဉ် လေကြောင်းဗုံးကြဲ
Donate to DVB

ဗန်းမော်တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးးတပ်မတော် (KIA) က ထိုးစစ်ရပ်နားထားပေမဲ့ စစ်ကောင်စီဘက်က နေ့တိုင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ 

နိုင်ငံတဝန်း ငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့အချိန် ကချင်ဒေသထဲက တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့အပါအဝင် မြို့တချို့မှာ KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိ‌ပေမဲ့ စစ်ကောင်စီဘက်က‌ လေကြောင်းတိုက်ခိုက်နေတဲ့အပြင် မြေပြင်ထိုးစစ်ဆင်ပြီး တိုက်ပွဲဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဗန်းမော်တိုက်ပွဲမှာလည်း KIA ဘက်က ထိုးစစ်ရပ်နားထားပေမဲ့ စစ်ကောင်စီတပ်က နေ့တိုင်း လေကြောင်း နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါတယ်။

“ဗန်းမော်မှာက မြေပြင်တိုက်ပွဲက မရှိသလောက်ပဲ။ စကစဘက်ကတော့ အရင်လိုပဲ ဂျက်လေယာဉ်နဲ့ နေ့တိုင်း Y12 နဲ့ လာပစ်တာ အဲ့လိုကတော့ ပုံမှန်ရှိနေတယ်။ လေယာဉ်နဲ့ လာပစ်တာ ရပ်နားသွားတာဆိုလို့ ငလျင်လှုပ်တဲ့နေ့ ညနေ့ပိုင်းနဲ့ နောက်နေ့မနက် လောက်ရယ်ပဲ လေယာဉ်နဲ့ လာပစ်တာ ငြိမ်သွားတယ်။ အဲ့နောက်ကတော့ အရင်လို ပုံမှန်ပဲ လေယာဉ်နဲ့လာပစ်တာ ရှိနေတယ်။ လေယာဉ်နဲ့လာပစ်တာ နေ့တိုင်း ပုံမှန်ရှိနေတယ်။”

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်တွေရပ်ဖို့ တရားဝင်ပြောဆိုတာတွေမရှိပေမဲ့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေမရှိဘဲ စစ်ကောင်စီဘက်ကနေ တဖက်သတ် လေကြောင်းတိုက်ခိုက်နေတာလို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“မြေပြင်တိုက်ပွဲကတော့ ငြိမ်နေတာ ကြာပြီ။ ကျနော်တို့ဘက်ကလည်း သွားပြီးပစ်တာ မရှိဘူး။ မြေပြင်တိုက်ပွဲငြိမ်နေတာတော့ ၂ ပတ်ကျော်လောက်ရှိလာပြီ။ စကစဘက်ကတော့ စကစ စစ်သားတွေ တက္ကသိုလ်ဘက်က ထွက်လာတာတွေရှိတယ်။ အဲ့ချိန်မှာ သူတို့ဘက်က ပြန်ပစ်လို့ နှစ်ဖက်ပစ်ခတ်မှုတွေရှိတယ်။ အဲ့လောက် အခြေအနေပဲ။ တိုက်ပွဲထိုးစစ်ကြီး ပြင်းပြင်းထန်ထန်တော့ မရှိဘူး။ စကစတွေတက်လာလို့ ပစ်ခတ်တာတွေရှိတယ်။ တက္ကသိုလ်ဝင်းထဲက ထွက်လာလို့ ပစ်ခတ်တာတွေရှိတယ်။ အဲ့လောက် အခြေအနေပါပဲ မြေပြင်တိုက်ပွဲကတော့။”

နိုင်ငံတဝန်း ငလျင်ဒဏ်ခံစားနေရချိန်မှာ ကချင်ပြည်နယ် ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီက နေ့တိုင်းလေကြောင်းတိုက်ခိုက်ခဲ့သလို ဝိုင်းမော်မြို့နယ်၊ မိုးညှင်းမြို့နယ်နဲ့ အင်းတော်ဒေသတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရပ်နားတာတွေ မရှိတဲ့အတွက် ခုခံတိုက်ပွဲတွေ ဖော်ဆောင်နေရတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ငလျင်ဘေးဒဏ်ကြုံတွေ့နေရတာကြောင့် ကြေကွဲဝမ်းနည်းပူဆွေးနေရတဲ့အချိန် တိုက်ပွဲတွေရပ်နားပေးဖို့ ပြည်သူတွေက တောင်းဆိုနေကြသလို NUG အပါအဝင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ တချို့က ထိုးစစ်ရပ်နားထားကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013