DVB Logo
Home
နိုင်ငံတကာ
ဘေရွတ်မြို့တွင် အစ္စရေး လေကြောင်းတိုက်ခိုက်သဖြင့် ၃ ဦးသေဆုံး
DVB
·
April 2, 2025
ဘေရွတ်မြို့တွင် အစ္စရေး လေကြောင်းတိုက်ခိုက်သဖြင့် ၃ ဦးသေဆုံး
Donate to DVB

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးမှာ ဧပြီ ၁ ရက် အစောပိုင်းက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

လက်ဘနွန်မြို့တော်ရဲ့ တောင်ဘက် ဆင်ခြေဖုံးရှိ ဒါဟိယာလို့ လူသိများတဲ့ ဟစ်ဇ်ဘိုလာ အမာခံနယ်မြေမှာ အစ္စရေးတို့ရဲ့ အရင်တိုက်ခိုက်မှုအပြီး ရက်အနည်းငယ်အကြာမှာ ခုလို ထပ်မံ တိုက်ခိုက်ခဲ့တာပါ။

ဘေရွတ်မြို့ တောင်ပိုင်းဆင်ခြေဖုံးရှိ အဆောက်အအုံတခုရဲ့ အပေါ်ထပ် ၃ ထပ်ရဲ့ လသာဆောင်တွေဟာ တိုက်ခိုက်မှုကြောင့် ပွင့်ထွက်သွားကြောင်း အခင်းဖြစ်ပွားရာနေရာရှိ ရိုက်တာသတင်းထောက်တယောက်က ပြောပါတယ်။

တိုက်ခိုက်မှုမတိုင်ခင်မှာ အဲဒီဧရိယာအတွက် ဘေးကင်းရာ ရွှေ့ပြောင်းဖို့ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်းနဲ့ နောက်ပိုင်းမှာ ဘေရွတ်မြို့ရဲ့ တခြားနေရာတွေကို မိသားစုတွေ ထွက်ပြေးခဲ့ကြကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။

အစ္စရေးစစ်တပ်ဟာ မကြာသေးခင်က ဟားမတ်စ်အဖွဲ့ကို ညွှန်ကြားပြီး အကူအညီပေးခဲ့တဲ့ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတယောက်ကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လက်ဘနွန်သမ္မတ ဂျိုဇေးဖ် ဟွောင်န်က အင်္ဂါနေ့မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး လက်ဘနွန်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ရည်ရွယ်ချက်တွေကို အချက်ပြနေတဲ့ “အန္တရာယ်သတိပေးချက်” လို့ ခေါ်ဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ ကြီးထွားလာတဲ့ ရန်လိုမှုကြောင့် လက်ဘနွန်အနေနဲ့ သံတမန်ရေးရာ ဆက်သွယ်မှု အရှိန်မြှင့်ဖို့နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ အပြည့်အဝကို ထောက်ခံ ပံ့ပိုးကူညီမယ့် နိုင်ငံတကာ မဟာမိတ်တွေကို စည်းရုံးဖို့ လိုအပ်နေပြီလို့လည်း သမ္မတ ဟွောင်န်က ပြောပါတယ်။

လက်ဘနွန်ဝန်ကြီးချုပ် နာဝပ် ဆာလမ်ကလည်း အစ္စရေးရဲ့တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒါဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက် ၁၇၀၁ နဲ့ အပစ်အခတ်ရပ်စဲရေး အစီအစဉ်တို့ကို ထင်ထင်ရှားရှား ချိုးဖောက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲကိုလည်း ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေနဲ့ ညှိနှိုင်းပြီး အနီးကပ် စောင့်ကြည့်နေကြောင်း နာဝပ်က ပြောပါတယ်။

အစ္စရေးတပ်တွေက လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်ကို တပတ်အတွင်း ဒုတိယအကြိမ်အဖြစ် စီးနင်းတိုက်ခိုက်ခဲ့လို့ လူ ၃ ယောက်ထက်မနည်း သေဆုံးပြီး ဟစ်ဇ်ဘိုလာအုပ်စုနဲ့ အပစ်အခတ် ရပ်စဲရေးကို အန္တရာယ် ဖြစ်စေခဲ့ပါတယ်။

အစ္စရေးတပ်တွေက တမြို့လုံးနီးပါးကို ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ပေးပြီးတဲ့နောက် ဧရိယာအတွင်း အသေအကျေ တိုက်ခိုက်ခဲ့လို့ ဂါဇာတောင်ပိုင်းက  ရာဖာမြို့ကနေ ထောင်နဲ့ချီတဲ့ ပါလက်စတိုင်း လူမျိုးတွေ ထွက်ပြေးခဲ့ကြပါတယ်။

မတ် ၂၃ ရက်က ဒဏ်ရာရနေတဲ့ အရပ်သားတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေတုန်း အစ္စရေးတပ်ဖွဲ့ဝင်တွေက သတ်လို့ သေဆုံးခဲ့ရတဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၁၅ ယောက်ရဲ့ ဈာပနအခမ်းအနားတွေကို ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းတွေ ကျင်းပခဲ့ပါတယ်။

အစ္စရေးရဲ့ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်း ၅၀,၃၅၇ ယောက်ထက်မနည်း  သေဆုံးပြီး ၁၁၄,၄၀၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အစိုးရမီဒီယာရုံးက လွန်ခဲ့တဲ့ နှစ်လလောက်က သေဆုံးသူဦးရေဟာ ၆၁,၇၀၀ ကျော်ရှိခဲ့ပြီး အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ယူဆထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူ ၁,၁၃၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်ကို ဟားမတ်စ်တွေက ဖမ်းဆီးထားခဲ့ပါတယ်။

အစ္စရေးက ဟားမတ်စ်ကို ဖိအားတွေ တိုးမြှင့်ပေးမှာဖြစ်ပြီး ဆက်ညှိနှိုင်းသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ စစ်ရေးဖိအားပေးမှုဟာ ဓားစာခံတွေ ပြန်ရရေးအတွက် အကောင်းဆုံးနည်းလမ်းလို့လည်း နေတန်ယာဟုက ပြောခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် ကာတာနဲ့ အီဂျစ် အပါအဝင် ကြားဝင်ဖျန်ဖြေသူတွေရဲ့ အဆိုပြုချက်တွေကို လက်ခံခဲ့တယ်လို့ ဟားမတ်စ်က ပြောပြီး သီတင်းပတ်တိုင်းမှာ ဓားစာခံ ၅ ယောက်ကို လွှတ်ပေးမယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျန်နေသေးတဲ့ ဓားစာခံ တဝက်လောက်ကို ပြန်ပေးဖို့ အစ္စရေးက ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ အဆိုပြုခဲ့တယ်လို့ တနင်္လာနေ့မှာ အစ္စရေး တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013