DVB Logo
Home
မြန်မာသတင်း
နိုင်ငံအနှံ့ မိုးထစ်ချုန်းရွာနိုင်၊ နောက်ဆက်တွဲငလျင်များ ဆက်လှုပ် 
DVB
·
April 1, 2025
နိုင်ငံအနှံ့ မိုးထစ်ချုန်းရွာနိုင်၊ နောက်ဆက်တွဲငလျင်များ ဆက်လှုပ် 
Donate to DVB

ဧပြီလရဲ့ပထမ ၁၀ ရက်အတွင်း တိုင်းနဲ့ ပြည်နယ် တော်တော်များများမှာ မိုးထစ်ချုန်းရွာနိုင်ပြီး အင်အားပြင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲအဖြစ် ဧပြီ ၁ ရက် ဒီနေ့မှာ ငလျင် ၅ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့  မိုးဇလဌာနက ဧပြီ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

နွေကာလမှာ နေ့အပူချိန်များလာလို့ အပူပျံတက်တိမ်တွေကြောင့် မွန်းလွဲနဲ့ ညနေတို့မှာ မိုးတိမ်တောင်တွေဖြစ်နိုင်ပြီး ရွေ့လျားရာလမ်းတလျှောက်မှာ လေပြင်းတိုက်တာ၊ မိုးရွာတာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာ စတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ လေပြင်းတိုက်မယ်ဆိုရင်တော့ ၁ နာရီကို မိုင် ၅၀ အထိပြင်းထန်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

အခု ဧပြီပထမပတ်အတွင်း ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ၄ ရက်ကနေ ၈ ရက်လောက်အထိ မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းတိုင်း၊ ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတော့ ၁ ရက်ကနေ ၃ ရက်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ မကွေးနဲ့ စစ်ကိုင်းတိုင်း၊ ကယားနဲ့ ချင်းပြည်နယ်တို့မှာတော့ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဆဲလ်စီးယပ်အထက်ပိုလာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ပြီးတော့ ကျောက်ဆည်မြို့နယ်မှာ မတ် ၃၁ ရက်က အပူချိန် ၄၂ ဒီဂရီနဲ့ လွန်ခဲ့တဲ့ ၅၂ နှစ်က ၄၁ ဒသမ ၅ ဒီဂရီကို ကျော်လွန်စံချိန်သစ်တင်ပါတယ်။

နေပြည်တော်မှာလည်း မတ် ၃၁ ရက်က အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နဲ့ လွန်ခဲ့တဲ့ ၁၂ နှစ်က ၃၉ ဒသမ ၃ ဒီဂရီကို ကျော်လွန်စံချိန်သစ်တင်လိုက်ပါတယ်။

ငလျင်လှုပ်ခတ်မှုတွေလည်းဆက်ရှိနေပြီး ဒီမနက်အစောပိုင်း ၁၂ နာရီ ၅၃ မိနစ်က မန္တလေးတိုင်း စဉ့်ကိုင်မြို့နားမှာ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၄ အဆင့်ငလျင်တကြိမ်၊ မနက် ၁ နာရီ ၄၁ မိနစ်ကလည်း စဉ့်ကိုင်မြို့နားမှာ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၄ ရှိတဲ့ ငလျင်တကြိမ်၊ မနက် ၄ နာရီ ၁၅ မိနစ်က နေပြည်တော် တပ်ကုန်းမြို့နားမှာ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၆၊ မနက် ၄ နာရီ ၂၆ မိနစ်က ပြင်ဦးလွင်မြို့နားမှာ အင်အားရစ်ချ်တာစကေး ၄၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်က  နေပြည်တော် ပုဗ္ဗသီရိအနီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ နဲ့ အသီးသီးလှုပ်ခတ်ပါတယ်။

အခုရက်ပိုင်း လှုပ်ခတ်ခဲ့သမျှငလျင်တွေအများစုဟာ အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခတ်ခဲ့ပေမဲ့ ဒီနေ့မှာတော့ ၆ ကီလိုမီတာမှာတကြိမ်နဲ့ ၄ ကီလိုမီတာအနက်မှာတကြိမ် လှုပ်ခတ်ခဲ့တာကို တွေ့ရပါတယ်။

မိုးလေဝသဌာနက ၅ ကြိမ်လှုပ်တယ်လို့ပဲ ဖော်ပြပေမဲ့ ဒီမနက် ၁၁ နာရီ ၁၆ မိနစ်က မိတ္ထီလာမြို့မှာ ခပ်ကြမ်းကြမ်းတကြိမ်လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၂၈ ရက်မှာစတင်လှုပ်ခတ်တဲ့ အင်အားပြင်းငလျင်အပါအဝင် နောက်ဆက်တွဲငလျင်အ ကြိမ်ပေါင်း ၅၂ ကြိမ်ရှိပြီလို့လည်း မိုးလေဝသဌာနက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013