DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်က ကချင်ရွာသား ၂ ဦးကို စွပ်စွဲထောင်ချမှု ကာယကံရှင် ရှင်းလင်း
DVB
·
November 5, 2014
 အစိုးရတပ်က ကချင်ရွာသား ၂ ဦးကို စွပ်စွဲထောင်ချမှု ကာယကံရှင် ရှင်းလင်း
Donate to DVB

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်က ရွာသား ၂ ဦးကို အစိုးရတပ်က ဖမ်းဆီးနှိပ်စက်ထောင်ချမှုနဲ့ ပတ်သက်ပြီး ကာယကံရှင်မိသားစုနဲ့ ရှေ့နေတွေက မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၄ ရက်နေ့က လူထုရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

[caption id="attachment_62380" align="alignright" width="300"]အစိုးရ စစ်ကြောင်းတခု အစိုးရ စစ်ကြောင်းတခု[/caption]

လူထုရှင်းလင်းပွဲကို ကချင်ရှေ့နေအဖွဲ့က ကမကထပြု ကျင်းပခဲ့တာဖြစ်ပြီး ဒီလိုဖြစ်ရပ်တွေ အပေါ်မှာ အများပြည်သူ သိရှိနားလည်ဖို့၊ နောက်ထပ် ဒီဖြစ်ရပ်မျိုးတွေ မဖြစ်စေဖို့၊ အပြစ် မရှိသူတွေ အချောင်ပြစ်ဒဏ်ပေးခံရတာတွေ ကာကွယ်ဖို့၊ သူတို့တွေအတွက် ဆုတောင်းပေးခြင်း စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အွမ်ပေါင်ရွာသား ဦးလဖိုင်ဂမ် ၅၄ နှစ်နဲ့ ဦးဘရန်ရုန်း ၂၆ နှစ်တို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က တာလော့ကြီးရွာဘက်မှာ အလုပ်သွားလုပ်နေတုန်း အစိုးရတပ် ခလရ ၃၇ က ဖမ်းဆီး နှိပ်စက် ညှဉ်းပန်းခဲ့တယ်လို့ မြစ်ကြီးနား ရွှေစက်ရပ်ကွက် နှစ်ချင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း က သင်းအုပ်ဆရာ ဦးပေါင်မ်ခွန်နော်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ၂ ယောက်က ကျနော်တို့ အသင်းတော်ကို ရောက်လာတဲ့ စစ်ပြေးဒုက္ခသည် ရွာသားတွေ ထဲကပါ။ စစ်သား မဟုတ်ပါဘူး။ တာလော့ကြီးဘက်မှာ နွားကုန်သည်တွေကို နွားမောင်းပေးရင်း စစ်တပ်က ကေအိုင်အေ လို့ ပြောပြီး ဖမ်းသွားတာပေါ့။ မတရား နှိပ်စက်တာတွေ အများကြီး ရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်။ သူတို့ကို လိင်တူအချင်းချင်း ဆက်ဆံခိုင်းတယ်။ ဘယ်ဘာသာကိုးကွယ်လဲ လို့မေးတယ်။ ခရစ်ယာန်ပါလို့ ဖြေတော့ ခရစ်ယာန်လို သေရမယ်လို့ ပြောပြီး ကျောက်တုံးပေါ်မှာ လက်မောင်းဖြန့်ခိုင်းတယ်။ နောက်တယောက်ကို သူ့ရှေ့မှာ မနောက ခိုင်းတယ်။ သူတို့ကို တခြားတနေရာသွားပြီး ကေအိုင်အေနဲ့ ဆက်ဆံတယ်။ ဗုံးခွဲတယ်လို့ ပြောတယ်။ စစ်တပ်က ပြောတဲ့အချိန်မှာ သူတို့က စစ်ရှောင်စခန်းမှာဘဲရှိနေတာ။ ဘယ်မှ မသွားဘူး။ ကျနော်တို့ဘက်ကလည်း တရားရုံးကိုသွားပြီးမှ သက်သေခံပေးတာ ရှိတယ်။ ဒါပေမယ့် ဒါတွေဟာ ဘာမှ အရာမထင်ခဲ့ဘူး။ သူတို့ကို ထောင်ချခဲ့တယ်။”

မြစ်ကြီးနားမြို့နယ် တရားရုံးက သူတို့ ၂ ဦးကို ပုဒ်မ ၁၇ (၁)၊ မတရားသင်း ဆက်သွယ်မှု၊ ပုဒ်မ ၃၊ ပုဒ်မ ၄ ဖောက်ခွဲမှုတွေနဲ့ ဒီနှစ် ဇွန်လ ၅ ရက်နေ့မှာ နှစ်ရှည်ထောင်ဒဏ် ၂၀ နှစ် နဲ့ ၂၁ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ကချင်ကျေးရွာတွေမှာ စစ်တပ်က ရွာသားတွေကို ကေအိုင်အေလို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခံ ရတာဟာ သူတို့ ၂ ဦးတည်းမကဘဲ တခြားဖြစ်ရပ်တွေလည်း ရှိသေးကြောင်း၊ သတင်းမီဒီယာနဲ့ အလှမ်းမမီလို့ လူမသိလိုက်တဲ့ ဖြစ်ရပ်တွေလည်း ရှိတယ်လို့ သင်းအုပ်ဆရာက ဆက်ပြော ပါတယ်။

မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် ကချင်နှစ်ချင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ မနက် ၁၀ နာရီ ကနေ ၁၂ နာရီထိ ကျင်းပတဲ့ ရှင်းလင်းပွဲကို ဘုရားရှိခိုးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသ ည်ပေါင်း ၅၀၀ နီးပါး နဲ့ ရပ်ဝေးရပ်နီး ကချင်လူမှုအဖွဲ့အစည်းတွေကပါ စုစုပေါင်း ၂ ထောင်ကျော် တက်ရောက်ခဲ့တယ်လို့ သင်းအုပ်ဆရာ ဦးပေါင်မ်ခွန်နော်က ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013