DVB Logo
Home
မြန်မာသတင်း
ပြည်လုံးကျွတ် မဲဆန္ဒရှင်စာရင်း စတင်ကောက်ခံ
DVB
·
November 4, 2014
ပြည်လုံးကျွတ် မဲဆန္ဒရှင်စာရင်း စတင်ကောက်ခံ
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တနိုင်ငံလုံးအတိုင်း အတာနဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း ကောက်ယူမှုတွေကို ဒီကနေ့ တရားဝင်စတင်လိုက်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

Union Election Commission“တနိုင်ငံလုံး မဲဆန္ဒရှင်စာရင်းကို အဆင့် ၃ ဆင့် ဆောင်ရွက်မယ်ဆိုပြီး ကော်မရှင်က ဆုံးဖြတ်ထားပါတယ်။ ပထမအဆင့်ကတော့ ရန်ကုန်တိုင်းက ၁၀ မြို့နယ် နောက် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ နေပြည်တော်က မြို့နယ်ပေါင်း ၄၁ မြို့နယ်မှာ စကောက်မယ်”လို့ ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်နယ်တိုင်းဒေသ အသီးအသီးမှာ မဲစာရင်းကောက်ယူမှု ဆိုင်ရာနယ်လှည့်သင်တန်းပေးမှုတွေ ပြီးခဲ့တဲ့ လကတည်းက စတင် လုပ်ဆောင်နေခဲ့တာဖြစ်ပြီး ခု နိုဝင်ဘာကဆန်းက စတင်ကာ ကွန်ပြူတာနဲ့ စာရင်းသွင်းမှုတွေ လက်တွေ့ စတင်တာပါ။

ကော်မရှင်ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က “ရပ်ကွက်နဲ့ကျေးရွာအုပ်စုတိုင်းက အုပ်ချုပ်ရေးရုံးမှာ ရှိတဲ့ အိမ်ထောင်စု စာရင်းရယ်။ လူဦးရေ စာရင်းရယ်၊ အဲဒီထဲကနေ အသက် ၁၈ နှစ်ပြည့် ပြီးတော့မှ ရွေးကောက်ပွဲ ဥပဒေနဲ့ ညီညွတ်တဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို ကျနော်တို့က ရွေးထုတ်လိုက်မှာ။ ပြီးရင် ကွန်ပြူတာထဲ စာရင်းသွင်း ပြီးရင်သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာမှာ ပြန်ကြေညာမယ်။ ကြေညာတဲ့အခါမှာ မပါသေးတဲ့ လူတွေ ထပ်ဖြည့်နိုင်အောင်၊ မပါသင့်တဲ့ လူတွေပါရင် ဖျက်နိုင်အောင်၊ မှားနေတာတွေ ပြင်နိုင်အောင် ပုံစံတွေနဲ့တကွ လုပ်မယ်။ အရပ်ဖက် လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်” လို့ပြောပါတယ်။

ပြည်ပမှာ ရောက်ရှိနေထိုင်နေကြတဲ့ မဲဆန္ဒရှင်တွေရဲ့ စာရင်းကိုပါ တပါတည်း မေးမြန်းကောက်ခံ သွားမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ကို ၂၀၁၅ ဇူလိုင်လ နောက်ဆုံးထား အချိန် ၈ လလောက်ယူကာ ဆောင်ရွက်သွားမယ်လို့လည်း ကော်မရှင်တာဝန်ရှိသူက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ အသက် ၁၈ နှစ်ပြည့်နိုင်ငံသားတိုင်းမဲပေးနိုင်ပြီး သာသနာ့ဝန်ထမ်းတွေ၊ ထောင်ကျနေသူတွေ၊ စိတ်ပေါ့သွပ်နေသူတွေ၊ လူမွဲစာရင်းကြေညာခံ ထားရသူတွေနဲ့ ရွေးကောက်ပွဲဥပဒေအရ တားမြစ်ခံထားရသူတွေ မဲပေးခွင့် မရှိဘူးလို့ ပြဋ္ဌာန်း ထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတုန်းက မြန်မာတနိုင်ငံလုံးမှာ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ၂၉ သန်းကျော်ရှိတဲ့အနက် ၂၂ သန်းကျော် မဲလာပေးခဲ့တယ်လို့ ကော်မရှင်က ပြောထားပါတယ်။

ဒါဟာ မြန်မာပြည်လူဦးရေ သန်း ၆၀ ရှိမယ်ဆိုပြီး ခန့်မှန်းချက်နဲ့ တွက်ချက်ထားတဲ့ စာရင်းဖြစ်ပြီး မကြာသေးခင်က ကောက်ခံခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင် စာရင်းအရ လက်ရှိမြန်မာပြည် လူဦးရေဟာ ၅၁ သန်းကျော်သာရှိတဲ့အတွက် ကျင်းပပြီးစီးခဲ့တဲ့ရွေးကောက်ပွဲ မဲစာရင်းနဲ့ရလဒ်တွေအပေါ် မေးခွန်းထုတ်မှုတွေရှိနေတာပါ။

ဥပဒေရေးရာကျွမ်းကျင်သူ ဦးကိုနီကတော့ မြန်မာပြည်ရဲ့ မဲဆန္ဒရှင် စာရင်းအမှန်ရဖို့ဆိုရင် ရွေးကောက်ပွဲကော်မရှင်က မြေပြင်မှာ လက်တွေ့ကျကျ ကွင်းဆင်းကောက်ခံတဲ့နည်းရော အစိုးရဌာနတခု ဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက တာဝန်ယူ တာဝန်ခံပြီး တဆင့် ကောက်ယူတဲ့နည်းပါ အသုံးပြုသင့်တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ကော်မရှင်က ကောက်တာ အလွဲလွဲအချော်ချော်တွေ အများကြီး ဖြစ်ခဲ့တယ်။ မဲစာရင်းက သေတဲ့လူတွေ အများကြီးပဲ ပါနေတယ်။ တချို့နေရာတွေမှာ ဆိုရင် မဲစာရင်းက အများကြီးပဲ တကယ့်လူက မရှိပါဘူး။ ၂၀၁၀ မှာဆို တော်တော်ပုံပျက်ပန်းပျက်ပါဘဲ။ အဲဒီ ၂၀၁၀ စာရင်းကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ယူလိုက်တဲ့အခါကျတော့၂၀၁၀ စာရင်းအမှားတွေဟာ အများကြီး ထပ်တွေ့လာရတယ်။ ကော်မရှင်က အောက်ခြေဆင်း ကောက်တဲ့ ဟာမှာတော့ ပြီးခဲ့တဲ့ အတွေ့အကြုံအရ တော်တော်များများ အားနည်းချက်တွေ တွေ့ရပြီး အဲဒီ အားနည်းချက်အတွက် တာဝန်ခံမယ့် တာဝန်ယူမယ့်သူ မရှိဘူး။”

၂၀၁၅ ရွေးကောက်ပွဲကိုတော့ လာမယ့်နှစ် အောက်တိုဘာ နောက်ဆုံးပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမပတ်ထဲမှာ ကျင်းပမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013