DVB Logo
Home
မြန်မာသတင်း
မူဆယ်၌ သောင်တင်နေသည့် Blue Sky Rescue (ယူနန်) ငလျင်ကယ်ဆယ်ရေးအဖွဲ့  မန္တလေးသို့ ထွက်ခွာ
DVB
·
March 31, 2025
မူဆယ်၌ သောင်တင်နေသည့် Blue Sky Rescue (ယူနန်) ငလျင်ကယ်ဆယ်ရေးအဖွဲ့  မန္တလေးသို့ ထွက်ခွာ
1 / 4
Donate to DVB

တရုတ်-မြန်မာ နယ်စပ် မူဆယ်မှာ သောင်တင်နေတဲ့ Blue Sky Rescue (ယူနန်) ငလျင်ဘေး ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၆ ယောက် မတ် ၃၀ ရက် နေ့လယ်ပိုင်းက မန္တလေးကို ထွက်ခွာသွားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ကွတ်ခိုင်ဒေသခံတယောက်က “ဂျစ်ကားလိုလိုကားနဲ့ ငါး၊ ခြောက်စီးလောက် လုံခြုံရေးအပြည့်နဲ့ ဆင်းသွားတယ်။ လုံခြုံရေးက MNDAA တပ်ဖွဲ့တွေ ပေးထားတယ်” လို့ ပြောပါတယ်။ 

တရုတ်ကယ်ဆယ်ရေးအဖွဲ့ ဆင်းလာတာမို့ လမ်းကြောင်းညှိလို့ရပြီ ထင်တယ်လို့ သူက ပြောပါတယ်။

ရွှေလီက နယ်စပ်ကုန်သည်တယောက်က “မတ်လ ၂၈ ရက်နေ့ ညက တယ်ဟုန်တိုင်းက ကုန်သွယ်ရေးက ညွှန်မှူးတွေ ငလျင်ကြောင့် မူဆယ်မှာ ထိခိုက်မှုအခြေအနေ ဘယ်လိုလဲဆိုပြီး မေးလို့ မူဆယ်မှာ ဘာမှ ထိခိုက်တာမကြားဘူး၊ အဆိုးဆုံးက အောက်မြန်မာပြည်ဘက်ပဲလို့ ပြောလိုက်တော့ အဲဒီဘက် ကူသင့်တယ်လို့ ပြောနေကြတယ်” လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ငလျင်ဘေးဒုက္ခသည် ကယ်ဆယ်ရေးတွေ လေယာဉ်နဲ့ရော သွားကြတယ်လို့ သူက ပြောပါတယ်။

မတ် ၂၉ ရက်က မူဆယ်မှာ သောင်တင်နေတဲ့ တရုတ် လူမှုကူညီရေးအဖွဲ့က ပြည်ထောင်စု လမ်းကြောင်းအတိုင်း ခရီးသွားလာခွင့် KIA တပ်ဖွဲ့ဆီလည်း ရှေ့ရက်တွေကတည်းက ကြိုတင် တင်ပြ တောင်းဆိုတာရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ကို ဂုဏ်ပြု အသိအမှတ်ပြုခဲ့ကြောင်း KIA တပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မတ် ၂၉ ရက် မနက် ၉ နာရီခွဲမှာ ကယ်ဆယ်ရေး အတွေ့အကြုံများတဲ့ ကျွမ်းကျင် အရည်အချင်းရှိ Blue Sky Rescue (ယူနန်) အဖွဲ့ဝင် ၁၆ ယောက်ဟာ PPE အကာအကွယ်ပစ္စည်း၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်အထုပ်များ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ပြီး မီးပေးနိုင်တဲ့ ကိရိယာ၊ မြို့ပြ ငလျင်ကယ်ဆယ်ရေးသုံး ကိရိယာများ (အဆောက်အဦဖြိုဖျက်ရေးကိရိယာများ) စတဲ့ ပစ္စည်းတွေကို ယူနန်ပြည်နယ် ရွှေလီနယ်စပ်ကနေ မြန်မာနိုင်ငံကို ထွက်ခွာခဲ့ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက သတင်းထုတ်ထားပါတယ်။

မတ် ၂၉ ရက် မနက် ၇ နာရီ ၁၀ မိနစ်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့ဝင် ၃၇ ယောက်၊ ညနေ ၄ နာရီ ၁ဝ မိနစ်မှာ တရုတ်အစိုးရက စေလွှတ်တဲ့ ကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင် ၈၂ ယောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

အဲဒီ ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့က အသက်ကယ်ကိရိယာ (Life detector) များ၊ ငလျင်ကြိုတင်သတိပေးစနစ် (Earthquake early warning system) များ၊ ခရီးဆောင်ဂြိုဟ်တု (portable satellite) များနဲ့ ဒရုန်းများ၊ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံနဲ့ ဆက်သွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ကုသရေးစက်ကိရိယာ၊ အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတန်ချိန် ၂၀ ကျော် ပါလာကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ တရုတ်အစိုးရက မြန်မာနိုင်ငံကို အရေးပေါ် လူသားချင်းစာနာမှု အကူအညီအဖြစ် ယွမ် သန်း ၁ဝဝ ပံ့ပိုးမှာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့ ၂ ဖွဲ့ စေလွှတ်ကာ တဲတွေ၊ စောင်တွေ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအထုပ်တွေ၊ အစားအစာနဲ့ သောက်သုံးရေစင်တွေ စတဲ့ ဘေးဒဏ်သင့်ဒေသတွေ အရေးတကြီးလိုအပ်နေသော ပစ္စည်းတွေ ထောက်ပံ့မှာဖြစ်ကြောင်း၊ ယူနန်၊ ကျဲ့ကျန်၊ ရှန်းကျန့်၊ ရှန်ဟိုင်းစတဲ့ တရုတ်နိုင်ငံ နေရာအနှံ့မှ ကယ်ဆယ်ရေးအဖွဲ့တွေအား မြန်မာနိုင်ငံကို အကူအညီတွေ ဆက်လက် ပို့ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013