
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ အမျိုးသမီးတယောက် အပါအဝင် ရိုဟင်ဂျာ ၄ ယောက်ကို စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက အမျိုးသမီးတယောက်နဲ့ အမျိုးသား ၃ ယောက်၊ စုစုပေါင်း ရိုဟင်ဂျာ ၄ ယောက်ကို ငါးသိုင်းချောင်းမြို့ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “ဂိတ်မှာရှိတဲ့ တပ်နဲ့ ရဲတွေက ဖမ်းခဲ့တာပါ။ အမျိုးသမီးတယောက်လည်း ပါတယ်။ အမျိုးသားတွေကတော့ ရိုက်နှက်တာတွေပါ ခံခဲ့ရတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ၄ ယောက်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ လာတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကိုပါ စစ်အာဏာရှင်တပ်နဲ့ ရဲတွေက သိမ်းဆည်းထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၄ ယောက်ကို စစ်အာဏာရှင်တပ်က ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတယ် ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရေနံ့သာစစ်ဆေးရေးဂိတ်မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အရပ်သား အမျိုးသားတွေနဲ့ ရခိုင်ဘက်ကလာတဲ့သူတွေကို အဓိကထား ဖမ်းဆီးနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကလည်း ရခိုင်ပြည်နယ်ကလာတဲ့ ရိုဟင်ဂျာအမျိုးသား ၃ ယောက်ကို ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် အစအန ပျောက်နေတယ်လို့ သိရပါတယ်။











