DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် တံတားဦးလေဆိပ် ထိခိုက်မှုများ၊ လေကြောင်းရန် သတိထားရန် လိုအပ်
DVB
·
March 30, 2025
ငလျင်ကြောင့် တံတားဦးလေဆိပ် ထိခိုက်မှုများ၊ လေကြောင်းရန် သတိထားရန် လိုအပ်
Donate to DVB

ငလျင်ကြောင့် တံတားဦးလေဆိပ်တခုပဲ မြင်သာတဲ့ထိခိုက်မှုရှိခဲ့ပြီး နိုင်ငံအလယ်ပိုင်း တခြားလေဆိပ်တွေရဲ့ သတင်းကို မသိရတာကြောင့် လေကြောင်းရန်ကို ပြည်သူတွေ သတိထားဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ ချင်း၊ မန္တလေးတို့မှာ ပြည်သူကို လေကြောင်းတိုက်ခိုက်ဖို့ စစ်ကောင်စီ အဓိကအသုံးပြုခဲ့တဲ့ လေဆိပ်တွေထဲမှာ မန္တလေး၊ တံတားဦးလေဆိပ်တခုပဲ မြင်သာတဲ့ထိခိုက်မှု ရှိခဲ့တာပါ။ ကျန်လေဆိပ်တွေရဲ့ သတင်းအချက်အလက်ကို မသိရသေးတဲ့အတွက် လေကြောင်းအချက်ပြသတင်းတွေကို ပြည်သူတွေ ဆက်လက်အာရုံစိုက်ထားဖို့ လိုအပ်နေဆဲဖြစ်တယ်လို့ မြေလတ်ဒေသခံ တော်လှန်ရေးအစုအဖွဲ့တွေက ပြောပါတယ်။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ကိုမိုးထက်နေက “တံတားဦးလေဆိပ်ကတော့ ကွန်ထရိုးတာဝါ ပျက်သွားတယ်လို့ ပြောတယ်ပေါ့နော်။ ကျန်တဲ့လေဆိပ်တွေကတော့ အဲဒီလောက်ကို ပျက်စီးမှု အကြီးကြီးတွေ မကြားဘူးပေါ့နော်။ ပြေးလမ်းအခြေအနေတော့ ကျနော်တို့လည်း မသိရသေးဘူးပေါ့နော်။ ဒါပေမဲ့ လေယာဉ်ဆင်းလို့မရဘူးလို့တော့ နားလည်တယ်ပေါ့။ ခုလောလောဆယ် အခြေအနေက လေယာဉ် အဆင်း အတက် လုပ်လို့မရဘူးဆိုတာတော့ နားလည်တယ်ပေါ့။ တံတားဦးလေဆိပ်ကတော့ လေယာဉ်အဆင်းအတက် လုပ်ဖို့မလွယ်ဘူးပေါ့။ သူတို့ လေကြောင်းလမ်းပြတွေ ငလျင်ထဲမှာ ပါသွားတယ်လို့ ပြောတယ်ပေါ့နော်။ အများပြည်သူသုံးဧရိယာကို ပြောတာပါ။ ဘာလို့လဲဆိုတော့ တံတားဦးလေဆိပ်က အများပြည်သူသုံး ဧရိယာကို စစ်တပ်က ယူသုံးထားတာကိုး၊ ကျန်တာတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မသိနေဘူးဗျ” လို့ ပြောပါတယ်။

အညာမြေတပ်ပေါင်းစု-မကွေး မှ ကိုဘိုဘိုသန့်ဇင်က “တံတားဦးကတော့ တော်တော် အပျက်အစီးများတယ်လို့ သတင်းတွေထဲမှာတော့ ကျနော်တို့လည်း တွေ့ရတာပေါ့နော်။ ဒါပေမဲ့ မိတ္ထီလာ ရှမ်းတဲက အပျက်အစီးတော့ ကျနော်တို့ မကြားမိဘူး။ မကွေးကတော့ ထိခိုက်မှုမရှိသလောက်လို့ ကြားတယ်၊ မကွေးလေယာဉ်ကွင်းကတော့လေ။ ကျနော်တို့ဆီ ပုံမှန်လာနေကြထဲကတော့ တံတားဦးက အထိအခိုက် အများဆုံးလို့တော့ ပြေးလမ်းတွေ ပျက်စီးတာကစလို့ အဲဒီလိုမျိုးတော့ ကြားမိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက မန္တလေး တံတားဦးလေဆိပ်၊ မိတ္ထီလာ ရှမ်းတဲလေဆိပ်၊ နေပြည်တော် အေလာလေဆိပ်၊ စစ်ကိုင်း နမခလေယာဉ်ကွင်း၊ ကလေးလေဆိပ်နဲ့ မကွေးလေဆိပ်တွေကို အဓိကအသုံးပြုပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာပါ။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “သူတို့ လေယာဉ်ပျံကွင်းတွေ ပျက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ စစ်ရေးအရ အသာစီးရနေတဲ့အချိန်မှာ အခွင့်ကောင်းယူသင့်တယ်ဆိုတဲ့ ပြောကြားချက်တွေလည်း တွေ့ရတယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့အစိုးရ အနေနဲ့ကတော့ ငလျင်ဒဏ် အပြင်းအထန်ခံရတဲ့ ပြည်သူတွေ ဒုက္ခရောက်နေကြတဲ့အချိန် ကယ်ဆယ်ရေးတွေနဲ့ ကူညီရေးတွေက ကျနော်တို့ရဲ့ ထိပ်ဆုံးအလုပ် ဖြစ်ပါတယ်။ အခုအချိန်မှာ ဒါကို အဓိကထား အာရုံစိုက်ပြီးတော့ လုပ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ကျေးလက်ဒေသအများစုကို တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ထားပြီး မြေပြင် စစ်ရေးအသာစီး မယူနိုင်တာကြောင့် စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူ သုံးပြီး တိုက်ပွဲအခြေအနေတွေကို ထိန်းထားခဲ့တာပါ။ လက်ရှိ ငလျင်ဘေးကြောင့် လမ်းပန်းခရီး ပျက်စီးမှုတွေကြောင့် မြေပြင်စစ်ကြောင်းထိုးနိုင်ဖို့ စစ်ကောင်စီဘက်က ပိုပြီးအားနည်းသွားနိုင်တဲ့အတွက် လေကြောင်းကို ပိုအသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013