DVB Logo
Home
ဆောင်းပါး
အာဏာပျက်ကြောင်း ငလျင် နိမိတ်
DVB
·
March 29, 2025
အာဏာပျက်ကြောင်း ငလျင် နိမိတ်
Donate to DVB

ဘာပြောလို့ ဘာရေးရမှန်းတောင် မသိတော့။ ဘန်ကောက် ချတ်တူးကျတ်အရပ်က ပြိုကျသွားတဲ့ ဆောက်လက်စ အထပ် ၃၀ မြေစာရင်းစစ်ရုံးကြီးက ဘတ်ဂျက် ၂,၁၃၆ သန်း သုံးပြီး ဆောက်နေတဲ့ တိုက်တဲ့။ မြန်မာလုပ်သားတွေ အများဆုံး လုပ်ငန်းခွင်ထဲမှာ ရှိနေခဲ့တာပါ။ ည ၈ နာရီသတင်းမှာ ကယ်ဆယ်ရေးအဖွဲ့က ကျား ၃၊ မ ၂၅ လောင်း၊ ဒဏ်ရာရ ၉ ယောက်ကို ရှာတွေ့ခဲ့ကြောင်းနဲ့ လုပ်ငန်းခွင်ထဲမှာ စုစုပေါင်း စာရင်းအရ ၁၁၇ ယောက် ကျန်ရှိနေတယ်တဲ့။

ထိုင်းမီဒီယာတွေကတော့ အကျင့်ပျက်ခြစားမှုကို တားဆီးထိန်းချုပ်ရာ စံပြ Integrity Pact ရှေ့ဆောင်ပရောဂျက်တခု ဖြစ်တဲ့ကြားက တခြားတိုက်တွေ မပြိုဘဲ အပေါ်ဆုံးထပ်အထိ ဆောက်ပြီးသား ဒီတိုက်တလုံးတည်း ပုံကျပြိုလဲသွားမှုမှာ ဘယ်လိုဘေးကင်းရေး စံနှုန်းတွေကို ချိုးဖောက်ထားတာလဲ။ လူတွေအများကြီး (မြန်မာလုပ်သားတွေအများစု) သေဆုံးမှုမှာ လူ့ပတ်ဝန်းကျင် အသိုက်အဝန်းတခုလုံးက စောင့်ကြည့်နေပါတယ်ဆိုပြီး ထိုင်းမီဒီယာတွေ၊ လူမှုကွန်ရက်တွေပေါ်မှာလည်း ကြိမ်းနေကြတာ တွေ့ရတယ်။

ဘာကွာသွားလဲဆိုတော့ ဘန်ကောက်တိုက်ပြိုမှုမှာ ဝန်ကြီးချုပ်နဲ့အဖွဲ့ ဖူးခက်ကနေ ချက်ချင်း ပြန်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်နေသလို ထိုင်းမီဒီယာတွေကလည်း ဒီကယ်ဆယ်မှုဖြစ်စဉ်ကို Live လွှင့် တင်ပြနေလို့ ကမ္ဘာကြီးက ဒီအကြောင်း မီးမောင်းထိုးပြသလို သိကုန်ကြတာပါပဲ။ တကယ်တမ်း ငလျင်ဗဟိုချက်က စစ်ကိုင်းပြတ်ရွေ့ကြော၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၁၀ မိုင်အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဘန်ကောက်နဲ့ စစ်ကိုင်းပြတ်ရွေ့က ၁,၁၀၀ ကီလိုမီတာ (၆၈၃ ဒသမ ၅ မိုင်) အကွာမှာ တကယ့် အပြင်းထန်ဆုံး ငလျင်ဒဏ်ခံရတာ ဖြစ်ပေမဲ့ ကမ္ဘာ့မီဒီယာလက်လှမ်းမီတဲ့ ထိုင်း အထပ် ၃၀ တိုက်ပြိုကျမှုကသာ ဟိုးလေးတကျော် ဖြစ်နေတာ ရင်နာစရာပါ။

ကိုယ့်နိုင်ငံထဲမှာ မန္တလေး၊ စစ်ကိုင်းမြို့တွေ အပြင် မြို့ပေါင်းများစွာမှာ ထောင်းလမောင်းကြေအောင် ပြိုကျပျက်စီး၊ မီးဟုန်းဟုန်းလောင်နေခဲ့ရာမှာ မီဒီယာတွေလည်း မရှိသလောက်ရှားနေတာ၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်မရ၊ မီးလည်းမလာ၊ မှောင်နဲ့မဲမဲ ပြိုကျတိုက်ပေါင်းများစွာထဲ လူတွေ ဘယ်လောက် သေကျေ ပိတ်မိနေကြပြီလဲ။ ကယ်ဆယ်ရေးသမားတွေ၊ ပရဟိတအဖွဲ့တွေက ကိုယ့်နိုင်ငံမှာ အမြဲ စိတ်ရင်းအမှန်နဲ့ကို ရှိနေလို့ ကယ်နိုင်သလောက် ကယ်ကြ၊ လူတိုင်းက ကူနိုင် ကယ်နိုင်သလောက် ကယ်နေကြမှာ မလွဲသေချာပေမဲ့ မြန်မာဟေ့ ဆိုတာနဲ့ ကမ္ဘာမှာ သတင်းမှောင်ချခံရစမြဲ အဖြစ်တွေကို တွေးကြည့်ရင်း ရင်နာရလွန်းပါရော။

အဆုတ်ရောင်ရောဂါနဲ့ မနည်း အသက်လု ကုသနိုင်ခဲ့လို့ မကြာသေးခင်က ဆေးရုံကဆင်းရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သူရောက်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာ ငလျင်ကပ်ဘေးကြီးဆိုက်တော့ ဝမ်းနည်းကြောင်း မြွက်ဟမှုမှာတောင် အရှေ့တောင်အာရှ (အထူးသဖြင့် ထိုင်းနှင့် မြန်မာ) က ငလျင်ဒဏ်သင့်သူတွေအတွက်လို့ လိပ်မူ ဆုတောင်းပေးခဲ့တာ ဖတ်လိုက်ရတယ်။ ပရီးမီးယားလိဂ် ကလပ် မန်ယူနဲ့ ဘရန့်ဖို့ဒ်တို့ကလည်း မြန်မာနိုင်ငံ ငလျင်ဒဏ်အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်မှုတွေ လုပ်ကြတယ်။ ညပိုင်း ABC NEWS မှာ စစ်ကောင်စီက ထုတ်ပြန်တဲ့ သတင်းကို ပြန်လည်ဖော်ပြထားရာမှာတော့ အနည်းဆုံး မြန်မာနိုင်ငံမှာ ၁၄၄ ယောက် သေဆုံးတယ်တဲ့။ ပုဒ်မနဲ့များ အံကိုက် တွက်ချက်ဖော်ပြသလားမသိ။ နေပြည်တော်မှာတင် ၉၆ ယောက်၊ စစ်ကိုင်းမှာ ၁၈ ယောက်၊ ကျောက်ဆည်မှာ အယောက် ၃၀ သေဆုံးပြီး အနည်းဆုံး ၇၃၂ ယောက် ဒဏ်ရာရတယ်တဲ့။ ဒီလို ပြိုကျတိုက်ပေါင်းများစွာမှာ ကယ်ဆယ်မှုတွေ ထိရောက်အောင် ဘာမှ မလုပ်နိုင်သေးချိန် သူတို့ဖော်ပြတဲ့ သေဆုံးဒဏ်ရာရနှုန်းက ယုံကြည်ပေးရလား။ မင်းအောင်လှိုင် ကိုယ်တိုင်က နိုင်ငံ အရေးပေါ်အခြေအနေ ကြေညာထားပြီး သူကိုယ်တိုင် ဆိုးရွားတဲ့ ငလျင်ဒဏ်သင့် နေရာတွေကို သွားပြီး ကယ်ဆယ်နေကြောင်းနဲ့ သေဆုံးနှုန်းက ပိုများလာနိုင်ကြောင်း၊ နိုင်ငံတကာ အကူအညီပေးဖို့လည်း တောင်းဆိုကြောင်း ထုတ်ပြန်လာတယ်။

ငလျင်အပြီး aftershocks ငလျင်ငယ်ပေါင်းကလည်း ထိုင်းသတင်းတွေ ဖော်ပြချက်အရ ၂၇ ကြိမ် ထပ်လှုပ်တော့ ပြိုလုဆဲ အဆောက်အအုံတွေ ဘယ်လောက် ထပ်ပြိုကျပြီး လူတွေ ဘယ်လောက် ထပ်ဒုက္ခကြီးမလဲဆိုတာ ရင်ထဲမကောင်းလှစွာနဲ့ဘဲ တွေးနေမိပါတော့တယ်။ ထိုင်းက မြန်မာနိုင်ငံမှာ ရှိတဲ့ သူတို့သံရုံးကိုတောင် သတိလှမ်းပေးခဲ့ရာမှာ ငလျင်ကြီးအပြီး ၂ ရက်နဲ့ ၃ ရက်အတွင်း ပြင်းအား ၆-၇ ရှိတဲ့ aftershocks ငလျင်တွေ ထပ်လှုပ်နိုင်ကြောင်း၊ ၇ ရက်အတွင်းမှာဆို ပြင်းအား ၄-၅ ကြားရှိ aftershocks ငလျင်တွေ ထပ်လှုပ်နိုင်သေးတယ်လို့ ဆိုတယ်။ ကဲ . . . မနှစ်က ရေကြီးတုန်းက တခါ ဒုက္ခတွေပင်လယ်ဝေ၊ မျက်ရည်တွေ မခြောက်သေးတဲ့ အနေအထားမှာ ဒီလိုတွေများ ထပ်ဖြစ်ပြီး သုံးစားမရတဲ့ ဆောက်လုပ်ရေးမူဝါဒနဲ့ စစ်ဆေးမှုမရှိခဲ့တဲ့ နိုင်ငံမှာ ထပ်များ ငလျင်တွေ လှုပ်ခဲ့ရင်တော့ ငါတို့သည် ငရဲဘုံတွင် နိုင်ငံတည်ထားသည်လို့ ငိုသံပါကြီးနဲ့ ရင်ဘတ်စည်တီးအောင် နေရတော့မလား မသိ။ ဒါတောင် ပင်လယ်နဲ့ မသက်ဆိုင်တဲ့ land-based earthquake ဖြစ်လို့ ဆူနာမီ စိုးရိမ်ရေမှတ် သိပ်မရှိခဲ့တာ ကံကောင်းလို့ပဲ အဆိုးထဲက အကောင်း ဖြည့်တွေးရတော့မလိုပါပဲ။

မြန်မာနိုင်ငံကို မြောက်ကနေ တောင်ဘက်ဆုံး ပင်လယ်ထဲအထိ ဒေါင်လိုက် ပိုင်းထားတဲ့ စစ်ကိုင်း ပြတ်ရွေ့ကြောကြီးအကြောင်း ခုမှ နောက်ကျတဲ့ သတိပေးချက်တွေ လူမှုကွန်ရက်တွေပေါ် ပလူပျံလာတယ်။ ဒီပြတ်ရွေ့ကြောက တနှစ် ၂ စင်တီမီတာနှုန်းနဲ့ ဘယ်ညာ ကျောက်ထပ်နှစ်ခု ပြောင်းပြန် ရွေ့လျားခြင်းကနေ နှစ် ၈၀ နဲ့ ၁၀၀ ကြားဆို ကြောက်စရာ ငလျင်ကြီး လှုပ်နေကြဆိုတာကို ဒုက္ခတွေ ပင်လယ်ဝေနေခဲ့ကြတဲ့ ကျနော်တို့နိုင်ငံသားတွေ စိတ်ထဲ မထည့်နိုင်ကြဘူး။ ၁၉၃၀ ပြည့်နှစ်က ပြင်းအား ၇ ဒသမ ၃ ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြီးလှုပ်တော့ လူပေါင်း ၅၀၀ ကျော်သေဆုံးပြီး ပျက်စီးမှု များပြားခဲ့တာလည်း ကမ္ဘာက အသိ။ ဒါလည်း ပြည်တွင်းမှာက လူတစု ပူမှုရယ်နဲ့ ဆယ်ကုဋေလို့ ပြောရမယ့် လူတစုအတွက်က ငါတို့ အထီးကျန်နိုင်ငံမဟုတ်၊ ငါတို့ ဘယ်တော့မှ မရှုံးဆိုတဲ့ မူ၊ ရှေ့တရက်က ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) မှာပဲ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုတဲ့ ဆိုင်းဘုတ်တွေ တလူလူလွှင့်ပြီး ရုရှားနဲ့ တရုတ်ဆီက လေယာဉ်၊ လက်နက်တွေကို ရသမျှ ပုံအောသုံး ဝယ်နေပြီး ကပ်ဘေးဆိုက်မှ နိုင်ငံတကာအကူအညီပေးပါလို့ တောင်းဆိုလိုက်တော့ အသံတွေ၊ အသံတွေများ ဘုရားမတနိုင်လောက်အောင်ကို နားဝင်ဆိုးချက်များ။ ထိုင်းလူမှုကွန်ရက်တွေပေါ် ဒီသတင်းအောက်မှာ မန့်လိုက်ကြတဲ့ ဖရုသဝါစာ မှတ်ချက်တွေများ ဒင်းတို့မို့ မရှက်မကြောက်လို့ ပြောရတော့မလားပဲ။

ကျနော်တို့ နိုင်ငံသားတွေရဲ့ ဒုက္ခက ရန်သူမျိုး ၅ ပါးတောင်မကဘဲ အပါးပေါင်း ထောင်ချီများ ရှိနေရော့လားမသိ။ ဆရာ မောင်တူး တင်ထားတဲ့ ပို့စ်လေးပဲ ဒီအချိန်မှာ သဘောတွေ့မိတာလေး ပြန်လည်မျှဝေရင်း ဒီည အိပ်မပျော်လည်း မျက်စိဖွင့်ပြီး အိပ်ကြည့်ရသေးတာပေါ့။

စစ်အာဏာပျက်ကြောင်းနိမိတ် (မောင်တူး)

နေ့ရက် သောကြာ၊ မြေလှုပ်ခါမူ

“ရာဇာ” ပျက်ပြောင်း၊ တိုင်းပြည်ကောင်းအံ့

အပေါင်းပြည်သူ၊ “မင်းကောင်း” ယူ၍

ဝိုင်းထူပြည်သစ်တည်နိုင်တော့မည်တကား။

နွေလူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013