ရုရှားနိုင်ငံဟာ သူ့ရဲ့ စာရ်မတ် မဟာဗျူဟာမြောက် နျူကလီးယားဒုံးကျည်အသစ်ကို အခုနှစ်ကုန်မှာ ဖြန့်ကြက်မယ်လို့ သမ္မတ ဗလာဒီမာပူတင်က မေ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
ဒီဒုံးကျည်ကို “ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး” အဖြစ်လည်း သူက ရည်ညွှန်းလိုက်ပါတယ်။
ဒုံးကျည်ကို အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ဥရောပတိုက်က မိုင်ထောင်ပေါင်းများစွာ အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့၊ နျူကလီးယားထိပ်ဖူးတွေ တပ်ဆင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
ဒီဒုံးကျည်ကို ဖြန့်ကြက် နေရာချထားဖို့ နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်တာတွေ၊ နှောင့်နှေးတာတွေ ဖြစ်အပြီး ပူတင်က အခုလို ပြောလိုက်တာပါ။
ထိပ်ဖူးရဲ့ ထိရောက်မှုဟာ အနောက်တိုင်းက ဘယ်ဒုံးကျည်ထက်မဆို ၄ ဆကျော် ပိုများပြီး အကွာအဝေး ၂၁,၇၅၀ မိုင်ကျော်ကို ရောက်အောင် ပစ်ခတ်နိုင်တယ်လို့ ပူတင်က ရုပ်မြင်သံကြားကနေ မှတ်ချက်ပြု ပြောဆိုပါတယ်။
ဒီဒုံးကျည်ဟာ လက်ရှိနဲ့ အနာဂတ် ဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိတယ်လို့လည်း ပူတင်က ပြောပါတယ်။
ပူတင်ဟာ ၂၀၁၈ ခုနှစ်မှာ သူ ပထမဆုံးကြေညာခဲ့တဲ့ ခေတ်မီအောင်ပြုလုပ်ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ရုရှား မျိုးဆက်သစ် နျူကလီးယားလက်နက်တချို့ရဲ့ စွမ်းရည်တွေကို ချဲ့ကားပြောဆိုခဲ့တယ်လို့ အနောက်တိုင်း လုံခြုံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရုရှား မဟာဗျူဟာမြောက် ဒုံးကျည်တပ်ဖွဲ့တွေရဲ့ တပ်မှူး ဆာဂေး ကာရာကယာဗ်က စာရ်မတ်ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး ပူတင်ကို အစီရင်ခံ တင်ပြနေပုံကို နိုင်ငံပိုင်ရုပ်မြင်သံကြားက အင်္ဂါနေ့မှာ ပြသခဲ့ပါတယ်။
“စာရ်မတ်ဒုံးကျည်စနစ် တပ်ဆင်ထားတဲ့ ဒုံးပစ်လောင်ချာတွေကို ဖြန့်ကြက်ခြင်းဟာ ပစ်မှတ်တွေကို ဖျက်ဆီးရေးနဲ့ မဟာဗျူဟာမြောက် တားဆီးရေး ပြဿနာတွေကို ဖြေရှင်းရေးမှာ မြေပြင်အခြေစိုက် မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို သိသိသာသာ မြှင့်တင်ပေးလိမ့်မယ်” လို့ ကာရာကယာဗ်က ပြောခဲ့ပါတယ်။
စာရ်မတ် ဒုံးကျည်ဟာ အတိတ်ကာလမှာ မအောင်မမြင် ဖြစ်ခဲ့ဖူးပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလက စမ်းသပ်မှုတခုအတွင်း ပစ်လွှတ်စင်မှာ နက်ရှိုင်းတဲ့ ချိုင့်ခွက်တခု ချန်ထားခဲ့တယ်လို့ အနောက်တိုင်း ကျွမ်းကျင်သူတွေက ပြောခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲ စကတည်းက ပူတင်ဟာ ရုရှားရဲ့ နျူကလီးယားလက်နက်တိုက် အရွယ်အစားနဲ့ စွမ်းအားကို ပြောရင်း ကမ္ဘာကို အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။
Source: Reuters










