
မတ် ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်အချိန်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ပဲခူးတို့မှာ ငလျင်ဒဏ်သင့်တဲ့ နေရာတွေကို အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ မန္တလေးမြေငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးတဲ့ မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂ ဒသမ ၀၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၃ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချက်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်တခု လှုပ်ရှားခဲ့ပြီး နောက်ဆက်တွဲငလျင် ၃ ခုခန့် လှုပ်ရှားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ငလျင်ဒဏ်သင့် ဒေသတွေမှာ ပျက်စီးဆုံးရှုံးမှုတွေကို အလျင်အမြန် စုံစမ်းစစ်ဆေးတာ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပြီး လိုအပ်တဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။
အချိန်မီ ရရှိတဲ့ သတင်းတွေကိုလည်း အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ကောလဟာလတွေကို သတိထားဆင်ခြင်ကြဖို့နဲ့ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေကိုလည်း နိုင်ငံတော်အစိုးရ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အင်အာပြင်း ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မကွေး၊ ရန်ကုန်၊ ပဲခူး၊ ရှမ်းပြည်နယ်တောင်ပိုင်းက အောင်ပန်း၊ တောင်ကြီး၊ အင်းလေးစတဲ့ မြို့တွေအတော်များများမှာ ငလျင်ဒဏ်ကိုအပြင်းအထန်ခံခဲ့ရလို့ လူတွေသေဆုံး၊ အဆောက်အဦတွေ၊ လူနေအိမ်တွေနဲ့ ဘုရားစေတီတွေနဲ့ ဘာသာရေးဆိုင်ရာနေရာတွေ အများအပြား ပျက်စီးသွားပါတယ်။