
အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ခံ ပြည်သူတွေလည်း သိသိသာသာ ခံစားခဲ့ရပေမဲ့ အပျက်အစီးနဲ့ ပတ်သက်လို့ သိပ်မကြားရသလောက်ပဲလို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။
ဒီနေ့မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့နားကို ဗဟိုပြုပြီး အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး မန္တလေး၊ အောင်ပန်း၊ စစ်ကိုင်း၊ ကရင်နီ၊ အမြန်လမ်း နေရာတွေမှာ တိုက်တွေ ပြိုကျတာ၊ လမ်းတွေ ပျက်စီးတာ၊ တံတားတွေ ပြိုကျခဲ့ပေမဲ့ ရန်ကုန်မှာတော့ အပျက်အစီးအထိအခိုက် မရှိသလောက်ပဲလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဘားလမ်းမှာနေသူ တယောက်က “စစလှုပ်တုန်းက စက္ကန့်ပိုင်းလောက် ဇဝေဇဝါ ဖြစ်နေ ကြသေးတယ်။ အရမ်းလှုပ်လာတော့ တိုက်ပေါ်ကနေ အကုန်ဆင်းပြေးကြတာ။ အပျက်အစီးရယ် လို့တော့ သိပ်မကြားရဘူး။ ဖုန်းလိုင်း တချို့တော့ ဖုန်းခေါ် မရတာမျိုးတွေ ဖြစ်တယ်” လို့ ပြောပါတယ်။
ရန်ကုန်မှာ အခုလို ပြင်းအားမြင့်တဲ့ ငလျင်ဒဏ်ခံစားခဲ့ရတာကြောင့် နောက်ဆက်တွဲ ငလျင်တွေ ထပ်မံလှုပ်ခတ်လာမှာကို ရန်ကုန်မြို့ခံတွေအနေနဲ့ စိုးရိမ်နေကြရပြီး အခုလှုပ်ခတ်သွားတဲ့ ငလျင်မျိုးသာ ရန်ကုန်ကုန်နီးကပ်မယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှု များနိုင်တယ်လို့ အင်းစိန်မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင် တယောက်က သုံးသပ်ပါတယ်။
ရန်ကုန်မှာ အဲ့ဒီငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် အဆင်သင့် တုံ့ပြန် ဆောင်ရွက်နိုင်ဖို့ စခန်းတိုင်းကို အရေးပေါ်တပ်လှန့်ထားတယ်လို့ သိရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင် တယောက်က “ရန်ကုန်က အဖျားခတ်တဲ့ သဘောလောက်ပဲရှိတယ်။ အရေးပေါ်ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေဖို့ စခန်းတိုင်းကို တပ်လှန့်ထားတယ်။ အခု သတင်းရသလောက်ကတော့ ရန်ကုန်မှာ ကြီးကြီးမားမားထိသွားတဲ့ သတင်းမျိုးမရသေးဘူး။ သတိထားရမှာက ညအချိန် ဒီအင်အားလောက်နဲ့နောက်ဆက်တွဲတွေ ဆက်ဖြစ်လာမယ်ဆိုရင်တော့ ရန်ကုန်လည်း စိုးရိမ်ရတဲ့အခြေအနေပါ” လို့ ပြောပါတယ်။
ရန်ကုန်မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု မများပေမဲ့ အခြေခံလူတန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်တချို့မှာတော့ နေအိမ်တွေဟာ ပုံမှန်ထက် အနည်းငယ်ရွဲ့စောင်းတာမျိုးတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ငလျင်ကြောင့် ရန်ကုန်မြို့ထက် မန္တလေးမြို့ဟာ ထိခိုက်မှုအများဆုံး ဖြစ်နေတယ်လို့ လတ်တလော သိရပြီး လူသေဆုံးမှုတွေနဲ့ မီးလောင်တာတွေကြောင့် အကူအညီတွေ တောင်းခံ နေရတယ်လို့သိရပါတယ်။