
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက်ဒ်ယူနွတ်စ်ဟာ တရုတ်နိုင်ငံကို ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်နေပြီး ဒီခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စတွေအပါအဝင် မဟာဗျုဟာမြောက် ၂ နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ Dhaka Tribune သတင်းမှာ ဖော်ပြပါတယ်။
မစ္စတာ ယူနွတ်စ်နဲ့ အဖွဲ့ဟာ မတ် ၂၆ ရက် မွန်းလွဲပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ကနေ တရုတ်နိုင်ငံဆီ ၄ ရက်ကြာ ချစ်ကြည်ရေးအလည်အပတ် သံတမန်ခရီးစဉ်စတင်လိုက်ကာ မတ် ၂၈ ရက်မှာတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။
မိုဟာမက်ဒ်ယူနွတ်စ်က “ကျနော် သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ပါမယ်။ တရုတ်နိုင်ငံရဲ့ အဓိက စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ စီအီးအိုတွေနဲ့လည်း တွေ့သွားမှာပါ" လို့ ပြောထားသလို ဒီခရီးစဉ်ကနေ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာနိုင်ဖို့လည်း ယုံကြည်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး တရုတ်နိုင်ငံရဲ့ ဆိုလာပြားထုတ်လုပ်သူ LONGi Solar ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စက်ရုံတည်ဖို့ စိတ်ဝင်စားနေတယ်လို့ မိုဟာမက်ဒ်ယူနွတ်စ်က ပြောထားပါတယ်။
"သူတို့နဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ နောက်ပြီး နည်းပညာအကူအညီ၊ ဆေးဝါးဆိုင်ရာ အကူအညီ၊ ကုန်ကျစရိတ်သက်သာတဲ့ ကုသရေးနဲ့ တခြားကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာပါ… သူတို့ (တရုတ်)ဘက်ကနေ ဘင်္ဂလားဒေ့ရှ်က သရက်သီး၊ ပိန္နဲသီးနဲ့ မာလကာသီးတွေ တင်သွင်းချင်နေတယ်။ ဒါကလည်း သိပ်မကြာခင် စတော့မှာပါ။"
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်ကတော့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ဘင်္ဂလားဒေ့ရှ် -တရုတ် ၂ နိုင်ငံကြား မဟာဗျူဟာမြောက် ကိစ္စရပ်တွေ၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှု၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍတွေ၊ ရိုဟင်ဂျာအရေး ဖြေရှင်းရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိမယ့် တခြားကိစ္စရပ်တွေကို ဆွေးနွေးကြမယ်လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်ရဲ့ အကောင်းဆုံးမိတ်ဆွေ၊ အရင်းနှီးဆုံး အိမ်နီးချင်း၊ ဗျူဟာမြောက် မိတ်ဖက်ဖြစ်ပြီး အကြီးဆုံးသော ကုန်သွယ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက် ဖြစ်တယ်လို့ ပြောလိုက်သလို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် ဂုဏ်ပြုအစီအစဉ် တွေကိုလည်း ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာအကျပ်အတည်းနဲ့ မြန်မာ့အရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဘာတွေ ဆွေးနွေးကြမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာတော့ မြန်မာပြည်ကနေ ထွက်ပြေးခိုလှုံ လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားတာပါ။
ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆာင် မစ္စတာ ယူနွတ်စ်ကတော့ ရိုဟင်ဂျာတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် တစုံတရာ မရှိဘဲ နှစ်ပေါင်းများစွာ ဆက်ဖြစ်လာနေခဲ့သလို ဒီအကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ဖို့ ကြိုးစားနေတဲ့အကြောင်း ပြောထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီတွေ ဖြတ်တောက်တာဟာ ရာဇ၀တ်မှုတခုဖြစ်တယ်လို့ ပြောလိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ အကူအညီတွေ ပေးအပ်ကြဖို့ တောင်းဆိုထားခဲ့တာပါ။
ပြီးခဲ့တဲ့ မတ် ၁၃ ရက်မှာ သွားရောက်ခဲ့တဲ့ သူ့ရဲ့ ၄ ရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်မှာ ခုလို ပြောလိုက်တာဖြစ်ပြီး ဒီလို အကူအညီဖြတ်တောက်မှုတွေက လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြစ်စေနိုင်တယ်လို့ သတိပေးလိုက်သလို ရိုဟင်ဂျာအကျပ်အတည်းကို တုံ့ပြန်ရာမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း ချီးကျူးလိုက်တာပါ။
လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ကော့ဇ်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီလည်း သွားရောက်ခဲ့ပါတယ်။
Source: Dhaka Tribune