
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ ရှားရှားပါးပါး တွေ့ဆုံခဲ့ပြီး “စွမ်းဆောင်ရည်ပြသဖို့” အတွက် တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့ တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲအတွင်း Huawei ၊ Xiaomi နဲ့ Tencent လိုမျိုး နည်းပညာကုမ္ပဏီကြီးတွေ အပါအဝင် BYD လျှပ်စစ်ကားကုမ္ပဏီနဲ့ CATL (ကတ်တဲလ်) ဘက်ထရီထုတ်လုပ်ရေး ကုမ္ပဏီတွေရဲ့ အကြီးအကဲတွေပါ တက်ရောက်လာပါတယ်။
မကြာသေးတဲ့နှစ်ပိုင်းအတွင်း တရုတ်နည်းပညာကဏ္ဍအပေါ် စည်းကမ်းတင်းကျပ်ရာမှာ အထင်ရှားဆုံးပစ်မှတ် ဖြစ်ခဲ့တဲ့ အလီဘာဘာ တည်ထောင်သူ ဂျက်မားလည်း ပထမဆုံးအကြိမ် လူလုံးထွက်ပြခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက ရှီကျင့်ဖျင်ကို ဝေဖန်ပြောဆိုခဲ့တဲ့ မိန့်ခွန်းကြောင့် ဂျက်မားဟာ လပေါင်းများစွာကြာအောင် ပျောက်နေခဲ့တာ ဖြစ်ပါတယ်။
တရုတ်ပြည်တွင်း ပုဂ္ဂလိကကဏ္ဍဟာ နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပြီး တရားဝင်စာရင်းတွေအရ အခွန်ဘဏ္ဍာငွေရဲ့ ထက်ဝက်ကျော်၊ စီးပွားရေးထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းအထက်နဲ့ နည်းပညာဆန်းသစ်တီထွင်မှုရဲ့ ၇၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။
ဒါပေမဲ့လည်း တရုတ်နိုင်ငံဟာ အိမ်ခြံမြေအကျပ်အတည်း၊ ဝယ်ယူစားသုံးမှု တန့်နေတာနဲ့ လူငယ်တွေရဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားနေတာကြောင့် စီးပွားရေးကျဆင်းလာမှုနဲ့ ရင်ဆိုင်နေရပါတယ်။
AI ဉာဏ်ရည်တုနဲ့ နည်းပညာလောကကို ကိုင်လှုပ်နိုင်ခဲ့တဲ့ DeepSeek ကုမ္ပဏီတည်ထောင်သူ လျန်းဝမ်ဖန်းလည်း ပွဲတက်ရောက်လာတာ တွေ့ရပါတယ်။
အခုလိုမျိုး ထိပ်တန်းတာဝန်ရှိသူတွေရဲ့ တွေ့ဆုံမှုဟာ အစည်းအဝေးတက်ရောက်လာတဲ့ လူပုဂ္ဂိုလ်တယောက်ချင်း ဒါမှမဟုတ် စီးပွာရေးလုပ်ငန်းတွေကို အစိုးရက အားပေး ထောက်ခံနေတယ်ဆိုတဲ့ အချက်ပြမှုအဖြစ် ပြည်ပရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရှုမြင်ကြပါတယ်။
TikTok မိခင်ကုမ္ပဏီ ByteDance (ဘိုက်ဒန့်စ်) နဲ့ Baidu (ဘိုင်ဒူး) အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်အရာရှိတွေတော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့် Baidu ရှယ်ယာစျေးဟာ ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ နည်းပညာအရ ပြိုင်ဆိုင်မှုတွေ၊ ဆန်းသစ်တီထွင်မှုတွေအတွက် ရှီနဲ့ တွေ့ဆုံပွဲက ပုဂ္ဂလိကကဏ္ဍရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေတာဖြစ်ကြောင်း လေ့လာသူတွေ အနေနဲ့ သုံးသပ်ထားပါတယ်။
အခုတခေါက် ဆွေးနွေးပွဲကို ပြည်သူ့ခန်းမဆောင်ကြီးမှာပဲ ရှီကျင့်ဖျင်က ခေါ်ယူကျင်းပခဲ့တာပါ။ ဒါဟာ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပထမသက်တမ်း ကုန်သွယ်ရေးစစ်ပွဲကာလမှာ အလားတူ အစည်းအဝေး ကျင်းပခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။
Source : Reuters