
ဒီကနေ့ စစ်အာဏာရှင်တွေက တပ်မတော်နေ့ ဆိုပြီး သိက္ခာမဲ့စွာ ကျင်းပနေကြတဲ့ မတ်လ ၂၇ ရက် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာ့တပ်မတော် အပါအဝင် တပ်ဖွဲ့တွေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ သာမန် အရပ်သား ပြောက်ကျားရဲဘော်တွေ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြတဲ့ ပြည်သူလူထုတရပ်လုံးက ဖက်ဆစ်ဂျပန်ကို တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းက ပြည်သူ့သဘောထား မပါဘဲ ၁၉၅၅ ခုနှစ်မှာ တပ်မတော်နေ့လို့ မိုက်မဲစွာ ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။
ရွှေရည်စိမ်လွတ်လပ်ရေးအတုသာ ပေးခဲ့တဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်ရာမှာ တပ်မတော်တခုတည်း လုံးဝမဟုတ်ပါဘူး။ တပြည်လုံး အတိုင်းအတာနဲ့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးသမား အားလုံးကို ဂုဏ်ပြုဖို့ ရည်ရွယ်ပြီး ဖက်ဆစ်တော်လှန်ရေး အတိအလင်း စတင်တဲ့ ရက်စွဲ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ကို တော်လှန်ရေးနေ့ရယ်လို့ သတ်မှတ်ခဲ့ကြတာ အားလုံးအသိ ဖြစ်ပါတယ်။
သမိုင်းကြောင်းကို ပြန်လှန်ကြည့်မယ်ဆိုရင် မြန်မာတနိုင်ငံလုံးနဲ့ တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးအပေါ် လက်နက်အသာစီးနဲ့ ဗိုလ်ကျကျွန်ပြုပြီး ကုပ်သွေးစုပ်ခဲ့ကြတဲ့ နေမဝင်အင်ပါယာ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့တွေကို တိုက်ထုတ်နိုင်ဖို့ တိုးတက်တဲ့အမြင်ရှိပြီး ရဲရင့်ပြတ်သားကြတဲ့ သခင်နိုင်ငံရေးသမားတွေ၊ လူငယ်လူရွယ်တွေဟာ ပြည်ပအကူအညီထွက်ရှာဖို့ ကြိုးစားခဲ့ကြပါတယ်။ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့ဟာ တရုတ်ကွန်မြူနစ်ပါတီဌာနချုပ် ရှိရာ ယင်အန်းမြို့ကို ၁၉၄၀ ပြည့်နှစ် သြဂုတ် ၈ ရက်မှာ သွားရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ရန်ကုန်ဆိပ်ကမ်းကနေ ဟိုင်လီသင်္ဘောနဲ့ ထွက်ခွာခဲ့ကြပြီး အမွိုင်ကို သြဂုတ်လ ၂၄ ရက်မှာ ရောက်ရှိခဲ့ကြပါတယ်။
ဒါပေမဲ့လည်း သခင်အောင်ဆန်းတို့ အမွိုင်ကို ရောက်ချိန်မှာတော့ ဖက်ဆစ်ဂျပန်တွေက သိမ်းပိုက်ထားပြီးပြီမို့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ်မရခဲ့ဘဲ ဗြိတိသျှကို တော်လှန်ဖို့ အားထုတ်နေကြတဲ့ မြန်မာလူငယ်တွေ အမွိုင်ကို ရောက်နေတဲ့အကြောင်း ဂျပန်တွေ သိသွားရာကစလို့ ဗိုလ်မှူးကြီးဆူဇူကီးနဲ့ ချိတ်ဆက်မိပြီး ဂျပန်ပြည်ကို မြန်မာစစ်ပညာသင် ရဲဘော်သုံးကျိပ် ဆိုတာ ပေါ်ပေါက်လာခဲ့ရတာ ဖြစ်ပါတယ်။
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ဘန်ကောက်မြို့မှာ B.I.A. တပ်ကို စပြီး ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။ ၁၉၄၂ ဇန်နဝါရီ ၂ ရက်ကစပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ဟာ ဂျပန်တပ်တွေနဲ့အတူ မြန်မာပြည်ထဲကို ဝင်ရောက်ခဲ့ကြပြီး ဗြိတိသျှတို့ကို တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ ၁၉၄၂ ခုနှစ် မတ် ၁၅ ရက်မှာ ဂျပန်ရဲ့ စစ်အုပ်ချုပ်ရေး စတင်ပါတော့တယ်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ အရောက်မှာ ဂျပန်က ဗမာ့လွတ်လပ်ရေးတပ်မတော်ကို သူတို့ကို မတော်လှန်နိုင်အောင် လက်နက်နဲ့ လူအင်အား လျှော့ချစေပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) အဖြစ် ပြောင်းလဲဖွဲ့စည်းစေခဲ့ပါတယ်။
၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ ဗိုလ်ချုပ်ကြီး ကာဝါဘီက မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း စစ်ရုံးမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် အလုံလမ်း အစိုးရအိမ်ကနေ နံနက် ၉ နာရီမှာ လွတ်လပ်ရေးကြေညာစာတမ်းကို ဖတ်ကြားပြီး ဗမာနိုင်ငံ လွတ်လပ်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်တွေပေးတဲ့ လွတ်လပ်ရေးဟာ ရွှေရည်စိမ်လွတ်လပ်ရေးအတုသာ ဖြစ်ခဲ့တာမို့ တော်လှန်ကြဖို့ နိုင်ငံရေးအင်အားစုအသီးသီးက လျှို့ဝှက်စွာ လှုပ်ရှားခဲ့ကြပါတယ်။
၁၉၄၄ သြဂုတ်လဆန်းမှာ ဗိုလ်ချုပ်အောင်ဆန်း ပဲခူးကို ရောက်ရှိလာခဲ့ပါတယ်။ ပဲခူး စံပြတပ်ရင်းထဲက ဗိုလ်မှူးကျော်ဇောရဲ့ အိမ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီက သခင်စိုးနဲ့ လျှို့ဝှက် တွေ့ဆုံခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပဲခူးကိုလာရာမှာ ဂျပန်တွေကို တပတ်ရိုက်ဖို့ အိမ်မှာ နွားနို့သောက်နိုင်ဖို့ ပဲခူးမှာ နွားအဝယ်ထွက်တယ်လို့ အကြောင်းပြပြီး ဇနီးသည် ဒေါ်ခင်ကြည်ကိုပါ ခေါ်ဆောင်လာခဲ့ရတယ်လို့ ဖတ်ရဖူးပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုးတို့ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေးအတွက် တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီ ဆိုတဲ့ နိုင်ငံရေးအင်အားစုကြီး ၃ ရပ်ကို စုစည်းအခြေခံတဲ့ တပ်ပေါင်းစုကြီး ပေါ်ထွန်းလာရေးအတွက် တိုင်ပင်ကြခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီလျှို့ဝှက်တွေ့ဆုံမှုရဲ့ ရလဒ်ကတော့ ၁၉၄၄ ခုနှစ် သြဂုတ်လ ၂၃ မှာ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် (ဖတပ) ကို ဖွဲ့စည်းဖြစ်ခဲ့တာပါ။ ဖတပရဲ့ ဗဟိုဦးစီးအဖွဲ့မှာ အဖွဲ့ဝင် ၉ ဦးပါဝင်ပြီး တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ အစုအဖွဲ့ တခုချင်းစီကနေ ၃ ဦးစီ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
၁၉၄၅ မှာတော့ ဖတပ ကို ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာ ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်း ၇ တိုင်း၊ အထူးဒေသတိုင်းကြီး ၃ တိုင်းကို သတ်မှတ်ခဲ့ကြပါတယ်။ တိုင်းတတိုင်းဆီမှာ နိုင်ငံရေး ခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တွေကို သတ်မှတ်ပေးခဲ့ကြပါတယ်။ ဖတပလ တဖွဲ့လုံးရဲ့ စစ်ရေးခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး သခင်စိုးက နိုင်ငံရေးခေါင်းဆောင် ဖြစ်ပါတယ်။ သခင်သန်းထွန်းကတော့ ပြောက်ကျားနဲ့ နိုင်ငံခြား ဆက်သွယ်ရေးခေါင်းဆောင် ဖြစ်ပါတယ်။
တကယ်တော့ ဖက်ဆစ်တော်လှန်ရေးကို ၁၉၄၅ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ စတင်ဖို့ ဆုံးဖြတ်ခဲ့ကြပေမဲ့ အိန္ဒိယဘက်က အင်္ဂလိပ် ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက မုံရွာ၊ ရွှေဘိုဘက်ကနေ စစ်ကြောင်းတွေနဲ့ ချီတက်လာနေပြီ ဖြစ်တာက တကြောင်း၊ စစ်ကိုင်းဘက်မှာ တော်လှန်ရေး မြေအောက်အဖွဲ့ဝင်အချို့ အဖမ်းခံလိုက်ရတာကြောင့် အထက်ဗမာပြည် စစ်ရေးတာဝန်ခံ ဗိုလ်မှူးဗထူးဟာ တော်လှန်ရေးကို မတ်လ ၈ ရက်မှာ စတင်ခဲ့ရပါတယ်။ မန္တလေး မျက်ပါးရပ်မှာရှိတဲ့ အမြောက်တပ်ကနေ အမြောက်သုံးချက် ပစ်ဖောက်ပြီး တော်လှန်ရေးစတင်ဖို့ အချက်ပေးခဲ့တာမို့ ဖက်ဆစ်တော်လှန်ရေးရဲ့ တာထွက်သံပဲလို့ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှာတော့ ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေရင်းက နောင်မှာ တော်လှန်ရေးပန်းခြံလို့ သတ်မှတ်ခဲ့ကြတဲ့ နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက တပ်ထွက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ “အနီးကပ်ဆုံးရန်သူကို ချေမှုန်းကြ” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းက ဖက်ဆစ်တော်လှန်ရေးရဲ့ တံပိုးခရာသံ ဖြစ်ခဲ့ရပါတော့တယ်။
ပြည်သူလူထုတရပ်လုံး ပါဝင်ခဲ့ကြတဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို ဖြစ်လာတဲ့ အခြေအနေတွေအရ မတ်လ ၂၇ ရက်ကို ပြောင်းလဲခဲ့ရပါတယ်။ မတ်လ ၂၆ ရက်မှာ အောင်လံမြို့နားက ပြလို့စခန်းကို ရောက်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ မတ်လ ၂၇ မှာ တပြည်လုံး အတိုင်းအတာနဲ့ တော်လှန်ရေးကြီး စတင်ဆင်နွှဲတော့မယ့်အကြောင်းကို သခင်စိုး၊ သခင်သန်းထွန်းတို့ထံ ဆက်သားလွှတ်ပြီး သတင်းပို့ခဲ့ပါတယ်။
ဒီလိုနဲ့ ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့နဲ့ စုဖွဲ့ထားတဲ့ ဖတပလ အဖွဲ့ကြီးရဲ့ ကြိုးပမ်းအားထုတ်မှု၊ နိုင်ငံတဝန်းက တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ ပူးပေါင်းပါဝင်မှုတွေနဲ့ ဖက်ဆစ်ဂျပန်တွေကို မြန်မာ့မြေပေါ်ကနေ ရဲရင့်ပြောင်မြောက်စွာ မောင်းထုတ်ပစ်နိုင်ခဲ့ကြပါတယ်။ အဲဒီလို ဂုဏ်ဒြပ်ကြီးမားလှတဲ့ ပြည်သူ့တော်လှန်ရေးကြီး စတင်ခဲ့တဲ့နေ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ကိုလည်း ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် အားလုံး သဘောတူညီစွာ နာမည်ပေး သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် စစ်အာဏာရှင် နေဝင်းနဲ့ မကောင်းဆိုးဝါး စစ်အခွင့်ထူးခံအုပ်စုက ပြည်သူ့သဘောထားမပါဘဲ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့ လုယူ မောင်ပိုင်စီးခဲ့ကြပေမဲ့ ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအားလုံးရဲ့ နှလုံးသားမှာတော့ မတ်လ ၂၇ ရက်ဟာ လူထုတရပ်လုံး ဆိုင်တဲ့ ပိုင်တဲ့ တော်လှန်ရေးနေ့ ဆိုတဲ့ သမိုင်းဂုဏ်ပုဒ်ကြီးကတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။
နိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေးအတုသာ ပေးခဲ့ပြီး လူမဆန်စွာ အုပ်ချုပ်ခဲ့ကြတဲ့ ဖက်ဆစ်ဂျပန်တွေကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ တပ်ဖွဲ့တွေ၊ ကွန်မြူနစ်-ဆိုရှယ်လစ် နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံတဝန်းက တိုင်းရင်းသားပြည်သူလူထု အလွှာအသီးသီး ပါဝင်ပြီး ပထမ ဖက်ဆစ်တော်လှန်ရေးကြီး ဆင်နွှဲခဲ့ကြသလို ဒီကနေ့ မြန်မာနိုင်ငံမှာ လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာ လုယူဗိုလ်ကျပြီး တိုင်းပြည်အပေါ် ရက်စက်ယုတ်မာနေကြတဲ့ စစ်မိစ္ဆာ ဖက်ဆစ်ဓားပြဂိုဏ်းကို မြန်မာတနိုင်ငံလုံးက တိုင်းရင်းသား မိဘပြည်သူအားလုံး ပါတဲ့ နွေဦးတော်လှန်ရေး အင်အားစုကြီးဟာ ဘယ်တော့မှ နောက်ပြန်မလှည့်ကြဘဲ အင်တိုက်အားတိုက်နဲ့ ဒုတိယ ဖက်ဆစ်တော်လှန်ရေးကြီးကို ဆင်နွှဲတိုက်ပွဲဝင်နေကြတာဟာ တလှိုင်းပြီးတလှိုင်း အောင်ပွဲခံ မော်ကွန်းထိုးနေကြပြီ ဖြစ်ပါကြောင်း။