DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်သူများ အလုပ်အကိုင်ရှားပါး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် အလူးအလဲ ခံနေကြရ
DVB
·
March 26, 2025
မြန်မာပြည်သူများ အလုပ်အကိုင်ရှားပါး၊ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် အလူးအလဲ ခံနေကြရ
Donate to DVB

စစ်အာဏာရှင်လက်ထက် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခနဲ့ စီးပွားရေး မတည်ငြိမ်မှု တွေမှာ ကဏ္ဍအသီးသီး လူတန်းစားအသီးသီးကို ရိုက်ခတ်နေပြီး ဝင်ငွေနည်းမိသားစုတွေကတော့ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို အလူးအလဲ ခံနေကြရပါတယ်။

အထူးသဖြင့် အခြေခံလူတန်းစားအများစုက ပိုပြီးကျပ်တည်းလာကြကာ အလုပ်အကိုင်ရှားပါးမှုနဲ့အတူ ဝင်ငွေထွက်ငွေမမျှမှုတွေကြောင့် နေ့စဉ်စားဝတ်နေရေးပါ ထိခိုက်လာကြရပါတယ်။

ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်နေပေမဲ့ ဝင်ငွေတိုးမလာတဲ့ လက်လုပ်လက်စားမိသားစု ဝင်တွေမှာ ငပိနဲ့ တို့စရာကိုတောင် နပ်မမှန်လောက်တဲ့အထိ အခက်အခဲတွေဖြစ်လာတယ်လို့ ရန်ကုန်မြို့က စက်ချုပ်အမျိုးသမီးတယောက်က  ပြောပါတယ်။

“အရင်တုန်းကဆို ကျပ် ၁၀,၀၀၀ ဆို ပိုတောင်ပိုသေးတယ်။ အခုကမပိုဘူး။  ၁၀,၀၀၀ ရရင် ၂၀,၀၀၀ ထွက်တယ်။ အဲ့လို။ အရင်တုန်းက ၁၀,၀၀၀ ဆိုပိုတယ်။ ၅,၀၀၀ ပဲသုံးတာ၊ ၅,၀၀၀ ကပိုတယ်။ အခုက ၁၀,၀၀၀ ရလည်းမပိုတဲ့အပြင် နောက်ထပ် ၁၀,၀၀၀ ပါ ဆောင်းပြီးပေးရတယ်။ လက်လုပ်လက်စားမှာ ပိုဆိုးတာပေါ့။ ဆန်လေးဝယ်လိုက် ငပိရည် တို့စရာတောင်မှ အလျှင်မှီအောင်မစားရဘူး။ ခုများဆို ပိုတောင်ဆိုးသေးတယ်။”

၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် ဝင်ငွေတိုးမလာတဲ့မိသားစုဝင်တွေမှာ ဆက်တိုက် မြင့်တက်နေဆဲကုန် ဈေးနှုန်းကြောင့် အလုပ်လုပ်ကိုင်နေရင်း အကြွေးတွေလည်း တက်လာတယ်လို့ ဆိုပါတယ်။

လတ်တလော သင်္ကြန်ကာလနီးလာချိန်မှာ လက်ဖက်စို၊ လက်ဖက်ခြောက်၊ အခြောက်အခြမ်းစားကုန်တွေက လက်ရှိပေါက်ဈေးထက် ကျပ် ၃၀၀၀ အထိ တက်လာတယ်လို့ တောင်ဥက္ကလာပမြို့နယ်ရှိ စည်ပင်သာယာဈေးက လက်ဖက်စို လက်ဖက်ခြောက်နဲ့အသင့် စားအသားခြောက်၊ ငါးခြောက်တွေ ရောင်းချတဲ့ အမျိုးသမီးတယောက်က  ပြောပါတယ်။

“လက်ဖက်ခြောက်တို့၊ လက်ဖက်စိုတို့အကုန်တက်တယ်။ ငါးရံ့ခြောက်တို့၊ ဆိတ်သားခြောက်တို့၊ အာဗြဲခြောက်တို့ မိုင်ကုန်တက်တာပဲ။ တက်တာ။”

ဇန်နဝါရီ ၁ ရက်ကစပြီး ဗဟိုဘဏ်ရည်ညွှန်းဈေး အမေရိကန် တဒေါ်လာကို ကျပ် ၂၁၀၀ ကျပ်နဲ့ အခွန်ပေးဆောင်နေရာကနေ ကျပ် ၃၈၀၀ နှုန်းနဲ့ အခွန်ပြောင်းလဲ ပေးဆောင်ရတဲ့အတွက် ကုန်ပစ္စည်းအားလုံး ဈေးတွေ ပိုတက်လာတာဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ်ဂိတ်တွေဖြတ်သန်းလို့မရတာ၊ ရာဇဝတ်မှုနဲ့ ဆက်စပ်မှုမရှိတဲ့ ကုန်စည်တွေ အပေါ်မှာလည်း တရားမဝင်ငွေကြေးတောင်းခံတဲ့ စရိတ်စကတွေကြောင့်လည်း  သွင်းကုန် ကုန်ပစ္စည်းပေါ်မှာ ဝန်ဆောင်ခတွေများလာပြီး ဈေးတွေပိုတက်လာနေပါတယ်။

ရန်ကုန်မှာ ကလေးကစားစရာရောင်းချသူတယောက်က “တက်တာပေါ့ အတက်တွေချည်းပဲ။ မကျဘူး။ သူက လိုင်းတွေပိတ်နေတယ်။ တက်ဦးမှာပဲ။ ကာစတန်ဂျူတီက ၂ ဆတက်တဲ့အတွက် ပစ္စည်းက တက်ကိုတာတာ။ သွင်းကုန်ကို အခွန်တိုး မြှင့်လိုက်တာ”လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ  ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်းနေတယ်လို့  ကမ္ဘာ့ဘဏ်ကလည်း အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013