ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ရဲ့ အစိုးရသက်တမ်း ၆ လအတွင်း ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး အတိုက်အခံပါတီဘက်က အယုံအကြည်မရှိကြောင်း လွှတ်တော်မှာ ၂ ရက်တာ အဆိုတင်သွင်းခဲ့ပြီးတဲ့နောက် မတ် ၂၆ ရက် ဒီမနက် ၁၀ နာရီမှာ လွှတ်တော်အမတ်အားလုံးရဲ့ သဘောထား ခံယူချက်တွေကို ကောက်ခံရာမှာ အဆိုရှုံးနိမ့်သွားပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ မိုဟာမတ် နော်မထာက ဦးဆောင်ပြီး သဘောဆန္ဒကောက်ခံရာမှာ အောက်လွှတ်တော်အမတ် ၄၈၇ ဦးလုံး တက်ရောက်ခဲ့တယ်၊ ဝန်ကြီးချုပ်ဖဲ ထောင်းထန်ကို အယုံအကြည်မရှိတဲ့ မဲပေါင်း ၁၆၁ မဲရှိပြီး ယုံကြည်သူ ၃၁၉ မဲ ရှိတယ်၊ ၇ မဲက အသံမထွက်ဘူး။ အတိုက်အခံပါတီဘက်က အယုံအကြည်မရှိကြောင်းအဆိုကို ထောက်ခံသူ ၁၆၁ ယောက် သာရှိပြီး လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ တဝက်ပင်မပြည့်တာကြောင့် အဆိုတင်သွင်းမှု မအောင်မြင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ပြောကြားပြီး အစီအစဉ်ရုပ်သိမ်းခဲ့ပါတယ်။
အစည်းအဝေးအပြီး ဝန်ကြီးချုပ် ဖဲထောင်းထန်းက အယုံအကြည်မရှိ အဆိုတင်သွင်းတဲ့ စွပ်စွဲချက်တွေကို ပြည်သူတွေ နားလည်အောင် အချက်အလက်တွေနဲ့ အင်တိုက်အားတိုက် အစွမ်းကုန် ပြန်လည်ချေပပေးခဲ့ကြတဲ့ မိတ်ဖက်ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာကဏ္ဍအလိုက် စွပ်စွဲချက်တွေကို ကိုယ်တိုင်ရှင်းလင်းတင်ပြပေးခဲ့တဲ့ ဝန်ကြီးဌာနမှ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အကြံပြုချက်တွေ၊ စိတ်ဓာတ်ခွန်အားပေးခဲ့ကြသော တိုင်းသူပြည်သားအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း သတင်းစာရှင်းလင်း ပြောကြားခဲ့ပါတယ်။
ရှေ့လျှောက်လည်း တိုင်းသူပြည်သားတို့ဘဝ တိုးတက်ပြောင်းလဲရေးအတွက် အတူတကွ လက်တွဲညီညီ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
သတင်းစာရှင်းပွဲအပြီး ဝန်ကြီးချုပ် ထွက်ခွာရာလမ်းမှာ အယုံအကြည်မရှိ ဦးဆောင်အဆိုပြုခဲ့တဲ့ အတိုက်အခံပါတီခေါင်းဆောင် People’s Party ပါတီဥက္ကဋ္ဌ နိုင်းနာ့ဿ်ဖုန်း ရိန်းပန်းယားဝုဒ်နဲ့ အဖွဲ့က လာရောက်နှုတ်ဆက်လက်ဆွဲပြီ အတူတကွ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။
၂ ရက်တာကာလတွေအတွင်း အတိုက်အခံပါတီဘက်က သူ့ကို ဦးဆောင်မှုအရည်အချင်း မပြည့်ဝသူ၊ မိသားစုဝင် (ဖခင်) လွှမ်းမိုးမှုခံယူတဲ့ ရုပ်သေးအစိုးရ၊ နိုင်ငံ့စီးပွားရေးတိုးတက်အောင် မစွမ်းဆောင်နိုင်၊ သူ့ကုမ္ပဏီက တိုင်းပြည်အခွန်ပေးဆောင်ဖို့ ပျက်ကွက်တယ်၊ ဖခင်နိုင်ငံခြားမှ ပြန်လာရရေး၊ ထောင်တရက်မှ မကျရေးအတွက် နိုင်ငံရေးကို အသုံးချပြီး မိသားစုအရေး လုပ်ခဲ့သူ၊ နိုင်ငံတော် အချုပ်အခြာကာကွယ်မှု လျော့ရဲတယ်၊ မီးခိုးမြူလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာ မဖြေရှင်းနိုင်၊ ဝီဂါမွတ်ဆလင်တွေအား တရုတ်အစိုးရလက်ထဲကို အတင်းအကျပ်ပြန်ပို့တဲ့ ပြဿနာ အစရှိတဲ့ ရှုထောင့်ပေါင်းစုံမှ အားနည်းချက်တွေ ထောက်ပြပြီး အယုံအကြည်မရှိ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စွပ်စွဲချက်တွေကို ဖွေ့ထိုင်းပါတီနဲ့ မိတ်ဖက်ပါတီ ကိုယ်စားလှယ်တွေက မကြာခဏ ထပြီး ကန့်ကွက်ကြသလို သက်ဆိုင်ရာဝန်ကြီးဌာနများကလည်း ပြန်လည်ချေပခဲ့ပါတယ်။
ဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ကလည်း ဒီ ၂ ရက်အတွင်း သူ့တသက်မှာ နာမည် အခေါ်ခံရတာ အများဆုံးပါပဲ။ အဆိုပြုတဲ့ဘက်ရော ချေပတဲ့ဘက်ကပါ လူတိုင်း မိမိတာဝန်ကို ကြိုးစားပမ်းစား အကောင်းဆုံးလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီထဲက အနှစ်သာရရှိတဲ့ အရာတွေကို ပြည်သူ့အရေးအတွက် ဆောင်ရွက်သွားကြဖို့ဖြစ်ပြီး အဖုအထစ်လေးတွေ ရှိတာကတော့ ပကတိ ပုံမှန်ပါပဲ၊ ကျမဟာ အလွှမ်းမိုးခံနေရတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံဘက်က ခဏ ခဏ ပြန်ပြန်ပြောနေတာကို တွေ့ရပါတယ်။ အဲဒါက ကိုယ်တိုင်လစ်ဟာမှု ရှိနေသလားဆိုတာ ပြန်မေးချင်ပါတယ်။ အမှန်က အဲဒီလိုမတွေးလည်း ရပါတယ်၊ လွှမ်းမိုးခံရတာဟာ ကျမတင်မကပါဘူး၊ အတိုက်အခံခေါင်းဆောင်လည်း လွှမ်းမိုးခံရတာပါပဲ၊ ကွာခြားတာက ကျမကို လွှမ်းမိုးတာဟာ ဖခင် အရင်းဖြစ်ပြီး လူကြီးမင်းကို လွှမ်းမိုးတာဟာ တပါးသူ ဖြစ်နေတာပါ (သက်ဆင်ရှင်နာဝပ် နှင့် FFP ပါတီထူထောင်သူ ထနားထွဏ်းကို ဆိုလို)။ ကျမဖခင် ထိုင်းကို ပြန်လာတဲ့ကိစ္စဟာ ပြည်သူအတွက် သူ တတ်နိုင်တာ ကူညီဆောင်ရွက်ပေးစေလိုတဲ့ စေတနာနဲ့ ပြန်လာတာ ဖြစ်တယ်၊ ဖွေ့ထိုင်းပါတီ အစိုးရမဖြစ်ဘဲ လူကြီးမင်းရဲ့ပါတီ (MFP) အစိုးရဖြစ်ရင်လည်း ပြန်လာမှာပဲ။ ကျမဖခင်ဟာ နိုင်ငံရေး အတွေ့အကြုံရင့်ကျက်သူ၊ အသိပညာရှိသူလို့ ပြည်တွင်း ပြည်ပက လက်ခံထားသူ ဖြစ်တယ်၊ သူ့ရဲ့ အတွေးအမြင်တွေကို ပြည်သူအကျိုးအတွက် အကြံပေးချက်ရယူရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ဝီဂါလူမျိုးတွေ တရုတ်ပြည် ပြန်ပို့တဲ့ကိစ္စ ထိုင်းမှာ ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ဥပဒေမရှိသေးဘူး၊ နိုင်ငံတကာက ပြောနေဆိုနေတဲ့ကိစ္စ သူတို့အနေနဲ့ ထိုင်းနဲ့ တရုတ်အစိုးရတို့ကြား သဘောတူချက်တွေ အသေးစိတ်မသိရလို့ပါ။ ပြန်ပို့ပြီးရင် သူတို့ကို အပြစ်မပေးဖို့၊ လူသားချင်းစာနာမှုအရ ဘယ်လို ထားပါမယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ ပို့ဆောင်တာ ဖြစ်တယ်၊ ပို့ပြီးတော့လည်း သူတို့ တကယ်ပဲ အဆင်ပြေနေသလားဆိုတာကို ကာကွယ်ရေးဝန်ကြီးနဲ့ တရားရေးဝန်ကြီးတို့ကိုယ်တိုင် သွားကြည့်ခဲ့တယ်၊ သူတို့ကို တသက်လုံး ထိုင်းအကျဉ်းထောင်ထဲမှာ ထားသွားရမှာလား၊ အစိုးရဖြစ်ဖို့အတွက် မိတ်ဖက်ပါတီတွေနဲ့ သဘောတူချက်တွေ ရခဲ့တယ်ဆိုတာ ဟုတ်ပါတယ်၊ ဒီမတိုင်ခင်က လူကြီးမင်းတို့ ပါတီနဲ့လည်း သဘောတူညီချက်တွေ ယူခဲ့သေးတယ်လေ၊ လူကြီးမင်းတို့ဘက်က အဆိုတင်သွင်းတဲ့ ဝန်ကြီးချုပ် အမည်ကို ကျမတို့ ၂ ကြိမ်လုံး ထောက်ခံမဲပေးခဲ့တယ်၊ ကျမတို့ အလှည့်ရောက်တော့ လူကြီးမင်းတို့ တမဲမှ မထည့်ပေးခဲ့ဘူး၊ လူကြီးမင်းတို့က အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲ မရတော့ ကျမတို့ကပဲ ဦးဆောင်ပြီး အစိုးရတရပ်ပေါ်ပေါက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်၊ အဲဒီကတည်းက သဘောတူမှုတွေ မလုပ်ခဲ့ရင် ဒီကနေ့လို ဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြခံရတာတွေနဲ့ပတ်သက်ပြီး ကျမတို့က ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားတယ်၊ ပြည်သူကို မျက်နှာမူတယ်၊ အရင်အစိုးရလက်ထက်မှာကတည်းက ပြည်သူတွေနဲ့ တသားတည်း အခွင့်အရေး တောင်းဆိုခဲ့တယ်၊ တိုက်ပွဲဝင်ခဲ့တယ်။ အဲဒီ ရှပ်အနီနဲ့ ဆန္ဒပြခဲ့တဲ့သူတွေဟာ အခုထက်ထိ လွှတ်တော်ထဲမှာ ပြည်သူတွေနဲ့အတူ ရှိနေပါတယ်။ မဲဆွယ်စဉ်က ကတိပေးတဲ့အတိုင်း အောင်မြင်အောင် လုပ်ဆောင်ပြီးခဲ့တာတွေ ရှိတယ်။ ကြိုးစားလုပ်နေဆဲ အရာတွေရှိတယ်၊ တချို့အရာတွေ အခက်အခဲရှိပြီး မလုပ်နိုင်သေးတာတွေ ရှိတယ်၊ စိတ်တိုင်းမကျတာ နားလည်ပါတယ်၊ ဒါပေမဲ့ ဒါတွေဟာ အောင်မြင်ဖို့အတွက် အခွင့်အရေးတွေလို့ ရှုမြင်တယ်၊ ကျမကို ခေါင်းဆောင်နိုင်မှုအရည်အချင်း မရှိသေးဘူးလို့ ဆိုရာမှာ ကျမတို့က မိတ်ဖက် အစိုးရတွေနဲ့ အတူတကွ တိုင်ပင် ဆွေးနွေးဆောင်ရွက်နေတာ ဖြစ်တယ်။ ပါတီတွေ အများကြီးနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ကျမအနေနဲ့ သည်းခံနိုင်မှုရှိဖို့၊ အကျိုးအကြောင်းရှိဖို့၊ စိတ်ရင်းအမှန်နဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့ မြင်ပါတယ် စသဖြင့် အချိန် ၁ နာရီခန့်ကြာ ပြန်လည်ချေပဖြေရှင်းသွားပါတယ်။
လွှတ်တော်တွင်း ထိုးနှက်ခံရတာနဲ့ ပတ်သက်ပြီး သတင်းထောက်က “ဓားနဲ့မွှမ်းပြီး ဆားနဲ့အပက်ခံရတာ စပ်ပါသလား” လို့ မေးမြန်းရာမှာ ဆားက ဆိုဒီယမ်ပါ၊ အပက်ခံရတာ ကောင်းပါတယ်၊ များလွန်းရင်တော့ မကောင်းဘူးပေါ့လို့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က အပြုံးနဲ့ ဖြေဆိုသွားပါတယ်။
Source: ထိုင်းလွှတ်တော်အစည်းအဝေး တိုက်ရိုက်ထုတ်လွှင့်ချက်