Home
နိုင်ငံတကာ
ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်အား အယုံအကြည်မရှိ အဆိုတင်သွင်း 
DVB
·
March 24, 2025

ထိုင်းအမျိုးသားလွှတ်တော်ရဲ့  ၂၆ ကြိမ်မြောက် အောက်လွှတ်တော် (တနှစ်တာရဲ့ ဒုတိယပုံမှန်) အစည်းအဝေးမှာ ဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်အား အယုံအကြည်မရှိ အဆို တင်သွင်းခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးကို မတ် ၂၄ ရက် မနက် ၈ နာရီ မိနစ် ၂၀ မှာ လွှတ်တော်ဥက္ကဋ္ဌ နိုင်းဝမ်းမိုဟာမတ် နော်မထာက ဦးဆောင်ဦးရွက်ပြုကာ စတင်ကျင်းပတာဖြစ်ပြီး ဒီကနေ့ ထူးခြားချက်မှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ် တဦးတည်းကို အတိုက်အခံပါတီဘက်မှ အယုံအကြည်မရှိကြောင်း အဆိုတင်သွင်းလျက်ရှိပါတယ်။ 

ရှေးဦးစွာ  People’s Party ပါတီခေါင်းဆောင် နိုင်းနာ့ဿ်ဖုန်း ရိန်းပန်းယားဝုဒ် က အတိုက်အခံပါ တီဝင် ၁၆၅ ယောက်ကို ကိုယ်စားပြုပြီး အယုံအကြည်မရှိကြောင်း  လွှတ်တော်ဥပဒေပုဒ်မ ၁၅၁ အရ အဆိုတင်သွင်းရာမှာ- ထိုင်းပြည်သူတွေဟာ စစ်အာဏာရှင်အစိုးရလက်အောက်မှာ ၉ နှစ်တာ နေလာခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလထဲမှာတော့ သန်းပေါင်း ၄၀ သောပြည်သူတွေဟာ  တိုင်းပြည်ရဲ့တိုးတက်သော ပြုပြင်ပြောင်းလဲမှုကို မျှော်လင့်ကြီးစွာနဲ့  ရွေးကောက်ပွဲမှာ တခဲနက် ဆန္ဒမဲ ပေးခဲ့ကြတယ်။ 

ဒါပေမဲ့ မူလအာဏာရှင်ထဲပါတဲ့ ပါတီတွေကို ငြမ်းပြုပြီး အစိုးရဖြစ်လာခဲ့တဲ့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်လက်ထက်မှာလည်း တိုင်းပြည်က ဘာမှထူးခြားပြီး တိုးတက်မှုမရှိခဲ့ဘူး၊ ဥပမာ လူတယောက်ဟာ ၂၀၂၃ မေလက အိပ်စက်ပြီး ခုချိန်မှာ ပြန်နိုးထလာတယ် ဆိုပါတော့၊ နိုးလာတော့ အရာရာမူလအတိုင်း ဘာမှပြောင်းလဲမှုမရှိဘူး။ အရင်က ပြည်သူတွေ ကြုံတွေ့ ခဲ့ရတဲ့ ပြဿနာအခက်အခဲတွေကို အရင်လိုပဲ ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်းနေရဆဲ ဖြစ်တယ်။ နယ်စပ်ပြဿနာ၊ ကော်လ်စင်တာအွန်လိုင်းလိမ်လည်မှုပြဿနာ၊ ပညာရေးပြဿနာ၊ မီးခိုးမြူ လေထုညစ်ညမ်းပြဿနာ၊ စိုက်ပျိုးမွေးမြူရေး (တီလားပီးယားငါးမျိုးစိတ် အပါအဝင်)၊ စီးပွားရေးပြဿနာ၊ မီးခိုးရောင်တရုတ် (တရားမဝင် တရုတ်လုပ်ငန်းရှင်) ပြဿနာ၊ လူ့အခွင့်အရေးပြဿနာ (ဝီဂါမွတ်စလင်အကျဉ်းသားတွေကို တရုတ်အစိုးရထံ ပြန်လွှဲပေးတဲ့ကိစ္စ) စတာတွေ ရှိနေဆဲ ဖြစ်တယ်။ နိုင်ငံရဲ့ စီးပွားရေးအညွှန်းကိန်း GDP ၅ ရာခိုင်နှုန်းတိုးတက်ဖို့ မျှော်လင့်ပေမဲ့ ၂ ဒဿမ ၅ ရာနှုန်းသာ တိုးတက်ခဲ့တယ်။ ပြည်သူတွေရဲ့ ပြဿနာတွေကို အရင်မဖြေရှင်းဘဲ ကာစီနိုလောင်း ကစားဝိုင်းကို တရားဝင်ဖွင့်လှစ်ဖို့ ကြိုးစားတယ်၊  ဝန်ကြီးချုပ် ဖဲထောင်းထန်း လက်ထက်မှာ ဒီမိုကရေစီရဲ့ စံချိန်ကို ပိုမိုနိမ့်ကျစေတယ်။ 

ဒါ့အပြင် ဝန်ကြီးချုပ် ဖဲထောင်းထန်းဟာ ပြည်သူ့အကျိုးထက် ရှင်နာဝပ်အမျိုးအနွယ်တို့ အကျိုး စီးပွားကို ကာကွယ်ဖို့ အာဏာရယူလာခြင်းဖြစ်တယ်၊ မိသားစုတွင်းမှ ပုဂ္ဂိုလ် (သက်ဆင်ရှင် နာဝပ်) အား တိုင်းပြည်စီမံခန့်ခွဲမှုမှာ ဝင်ရောက်စွက်ဖက်စေခြင်းဖြင့် ရုပ်သေးအစိုးရအဖြစ်ကို ခံ ယူတယ်။ သူမအသိုက်အဝန်းနဲ့ နီးစပ်တဲ့ အသိပညာမရှိ၊ အရည်အချင်းမရှိသောသူတွေကို အရေးပါသော ရာထူးတွေ ခန့်အပ်ထားတယ်၊   သူမဟာ ပြည်သူပြည်သားတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်စွမ်းမရှိ၊ တိုင်းပြည်ကို စီမံအုပ်ချုပ်ဖို့ အရည်အချင်းမရှိ၊ ဦးဆောင်နိုင်တဲ့ အရည်အချင်းမရှိ၊ အခုအတိုင်းဆက်သွားပါက တိုင်းပြည်မှာ ပြုပြင်လို့မရအောင် ပိုမိုပျက်စီး သွားနိုင်မယ်လို့  People’s Party ပါတီခေါင်းဆောင် နိုင်းနာ့ဿ်ဖုန်းက အဆိုတင်သွင်းပါတယ်။ 

ဖရန်းပချားရတ်ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရဝစ် ဝုန်းဆုဝမ်းကလည်း ဝန်ကြီးချုပ်ဖဲထောင်းထန်းဟာ မဲဆွယ်စဉ်ကာလ ကတိကဝတ်များအတိုင်း ဆောင်ရွက်ခြင်းမရှိ၊ တိုင်းသူပြည်သားတွေရဲ့ စီးပွားရေးကျပ်တည်းမှုပြဿနာကို မဖြေရှင်းပေးနိုင်၊ သူမ ဦးဆောင်သော အစိုးရလက်ထက်မှာ ပြောင်း၊ ဆန်၊ ပလောပီနံ အစရှိ လယ်ယာထွက် ကုန်ဈေး ကျဆင်းတယ်၊ ပြည်သူတွေကို ဘတ်ငွေ ၁၀၀၀၀ စီ ဝေငှပေးပြီး စီးပွားရေးတိုးတက်အောင် မဆောင်ရွက်နိုင်တဲ့အပြင် တိုင်းပြည်ကို အကြွေးတင်စေတယ်၊ ကာစီနိုလောင်းကစားဝိုင်း တရားဝင်ဖွင့်လှစ်ဖို့ ကြိုးပမ်းမှုဟာ  နောက်ဆက်တွဲ မူးယစ်ဆေး၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု အစရှိတဲ့ ဒုစရိုက်လုပ်ငန်းတွေကို ပေါ်ပေါက်စေတယ်။ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်ပြီး နယ်စပ်ကျူးကျော်မှုပြဿနာတွေ ဖြေရှင်းမှု လျော့ရဲတယ်၊ ထိုင်းငါးဖမ်းလှေ အဖမ်းခံရတဲ့ကိစ္စ ၄ လကြာသည်ထိ မဖြေရှင်းနိုင်၊ ဝန်ကြီးချုပ် ဖဲထောင်းထန်းဟာ နိုင်ငံတော်အား စီမံအုပ်ချုပ်ဖို့ အရည်အချင်းမရှိသောကြောင့် အယုံအကြည်မရှိလို့ အဆိုတင်သွင်းခဲ့ပါတယ်။ 

ဗိုလ်ချုပ်ကြီး ပရဝစ်မှာ နိုင်ငံရေးလောကတွင်း အမြဲလို အစိုးရဖြစ်ခဲ့ပြီး ဒီတကြိမ်မှသာ အတိုက်အခံပါတီဘက်ကနေ အဆိုတင်သွင်းရတာ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ကြီး ပရဝစ်ရဲ့ အဆိုတင်သွင်းမှုကို ဝန်ကြီးချုပ်ဖဲထောင်းထန်းက “၁၀ မိနစ်တာ အချိန်တွင်း လူကြီးမင်း တင်ပြချက်တွေ မှန်ကန်မှုမရှိဘူး” လို့ တိုတိုပြတ်ပြတ် ပြန်ဖြေရှင်းခဲ့ပါ တယ်။ 

People’s Party လွှတ်တော်အမတ် နိုင်းဝိရို့ အဒီးဆွန်ကလည်း ဝန်ကြီးချုပ် ဖဲထောင်းထန်းဟာ သူမရဲ့ စီးပွားရေးအစုရှယ်ယာ ၁၉ စုရှိတဲ့အနက် ၂ စုအတွက်သာ နိုင်ငံတော်ကို အခွန်ဆောင်ခဲ့တယ်။ ကျန်သော အစုရှယ်ယာတွေကို မိခင်၊ အစ်မ စတဲ့ဆွေမျိုးသားချင်းတွေရဲ့ အမည်နဲ့ လွှဲပြောင်းပြီး အခွန်ရှောင်ခဲ့တယ်။ သူမ အခွန်ရှောင်ငွေ ဘတ်သန်းပေါင်း ၂၁၈ သန်းရှိပြီး ထိုငွေတွေဟာ သက်ကြီးရွယ်အိုပေါင်း ၃၅၀,၀၀၀ ယောက်အတွက် လူအိုထောက်ပံ့ကြေး ငွေနဲ့ညီမျှတယ်၊ နိုင်ငံ့ဝန်ထမ်းတိုင်း ပြည်သူပြည်သားတိုင်း သူ့အတိုင်းအတာနဲ့သူ တိုင်းပြည်ကို အခွန်ဆောင်ကြတယ်။ ပြည်သူတယောက်လောက်ပင် တာဝန်မကျေသော၊ တိုင်းပြည် အခွန်ရှောင်သူမှာ နိုင်ငံကို ဆက်လက်ဦးဆောင်သွားဖို့ သိက္ခာမရှိတော့ဘူးလို့ ပြောသွားပါတယ်။ 

သူ့ရဲ့ စွပ်စွဲချက်တွေ ပြောလို့မဆုံးခင် အခွန်းတိုင်းကို ဖွေ့ထိုင်းပါတီအမတ်တွေက ထထပြီး ကန့်ကွက်ခဲ့ကြပါတယ်။ 

ဒါ့အပြင် အခြားသော အတိုက်အခံပါတီဘက်မှ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လက်ရှိ ဖဲထောင်းထန်း ရှင်နာဝပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ အားနည်းချက်တွေကို ထောက်ပြပြီး အယုံအကြည်မရှိ အဆိုတင်သွင်းလျက်ရှိပါတယ်။ 

အဆိုပါ အယုံအကြည်မရှိ အဆိုတင်သွင်းချက်အသီးသီးကို ပြန်လည်ချေပဖို့ လက်ရှိအာဏာရ အစိုးရဘက်ကလည်း ရှေ့တန်းခံတပ် ၅ ယောက်နဲ့  အောက်လွှတ်တော်အမတ်အယောက် ၂၀ ကို ရွေးချယ်ထားပြီး ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ် ဖဲထောင်းထန်းရဲ့ ဖခင်ဖြစ်သူ သက်ဆင်ရှင်နာဝပ်ကတော့ အစိုးရဖြစ်ရင် ခုလို အယုံအကြည်မရှိ အဆိုတင်သွင်းခံရတာဟာ လွှတ်တော်ရဲ့ ထုံးစံပဲဖြစ်တယ်၊ သမီးဖြစ်သူဟာ သွက်လက်ချက်ချာတဲ့ နုပျိုသောခေါင်းဆောင် ဖြစ်တယ်၊ ထိုးနှက်မှုတွေကို ကောင်းမွန်စွာ ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ဖဲထောင်ထန်း ရှင်နာဝပ်အပေါ် အယုံအကြည်မရှိ အဆိုကို မတ် ၂၄ ရက်နေ့ကနေ စတင်ပြီး လွှတ်တော်မှာ ဆွေးနွေးနေပါတယ်။ စီးပွားရေး အားမကောင်းတာနဲ့၊ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်က အစိုးရအဖွဲ့အပေါ် လွှမ်းမိုးမှုတွေနဲ့ ပတ်သက်ပြီး အတိုက်အခံတွေက ဝေဖန်ထိုးနှက်ကြမှာ ဖြစ်ပါတယ်။ 

စစ်တမ်းတွေအရ လက်ရှိ ထိုင်းအစိုးရအပေါ် ထောက်ခံမှု အားနည်းနေပေမဲ့ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ လူများစု ထောက်ခံမှု ဆက်ရထားတာကြောင့် လာမယ့် ဗုဒ္ဓဟူးနေ့ အယုံအကြည်မရှိအဆို မဲခွဲတဲ့ အခါကျရင် အတည်ပြုနိုင်ခြေ နည်းပါးနေပါတယ်။ 

အသက် ၃၈ နှစ်အရွယ် အာရှအသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင် ဖဲထောင်ထန်းဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဆီကနေ လမ်းညွှန်ချက်ခံယူပြီး လုပ်ကိုင်နေတယ်လို့ အတိုက်အခံ ပြည်သူ့ပါတီက စွပ်စွဲထားပါတယ်။ 

သက်ဆင်ဟာ အကျိုးစီးပွားပဋိပက္ခနဲ့ အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တွေနဲ့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပေမဲ့ အစိုးရ ရာထူးနေရာ ရယူခွင့် ပိတ်ခံထားရပါတယ်။ သက်ဆင်ဟာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာအပြီးမှာ လောင်းကစားကို တရားဝင်ခွင့်ပြုဖို့၊ ခရစ်ပတိုငွေကြေးကို တရားဝင် သတ်မှတ်ဖို့၊ ပြည်သူတွေကို ဘတ် ၁၀,၀၀၀ စီ ဝေပေးဖို့ အပါအဝင် အစိုးရမူဝါဒတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ မကြာခဏ ပြောကြားခဲ့ပါတယ်။ 

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ပြောသမျှဟာလည်း အစိုးရက အကောင်အထည်ဖော်မယ့် ကိစ္စတွေ ဖြစ်နေတဲ့အတွက် ဝေဖန်သံတွေ ပိုမိုကျယ်လောင်လာခဲ့တာ ဖြစ်ပါတယ်။ 

ဖဲထောင်ထန်းကတော့ သူ့အစိုးရအဖွဲ့အပေါ် ဘယ်သူ့ဩဇာလွှမ်းမိုးမှုမှ မရှိဘဲ ဖခင်ဖြစ်သူဟာ အကြံဉာဏ်ပေးတာပဲ ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။ 

ထိုင်းဟာ အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်ပေမဲ့ မနှစ်က ၂ ဒသမ ၅ ရာခိုင်နှုန်းသာ တိုးတက်ခဲ့မှုဟာ အိမ်နီးချင်းပြိုင်ဘက်တွေနဲ့ ယှဉ်ရင် အားလျော့ခဲ့တာကြောင့် အစိုးရရဲ့ စီးပွားရေးမူဝါဒတွေက ဝေဖန်စရာဖြစ်လာခဲ့ပါတယ်။ 

အခုဆွေးနွေးမှုမှာ လွှတ်တော်အမတ်တွေဟာ အပြင်လူတွေကို မရည်ညွှန်းနိုင်တာကြောင့် သက်ဆင် နာမည်ကို ရည်ညွှန်းသုံးစွဲခြင်းမပြုဖို့ လွှတ်တော်ဥက္ကဋ္ဌက ညွှန်ကြားထားပါတယ်။ အဲဒီအစား “မိသားစုဝင်” လို့သာ သုံးဖို့  ညွှန်ကြားထားတာ ဖြစ်ပါတယ်။  

ဒီအယုံအကြည်မရှိ အဆိုဟာ အောင်မြင်နိုင်ခြေ မရှိသလောက် နည်းပေမဲ့ အတိုက်အခံတွေဘက်က ဖဲထောင်ထန်းရဲ့ ခေါင်းဆောင်မှု တရားမဝင်တာကို ထောက်ပြဖို့ အသုံးချတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ 

Source: The Reporters / Maichon / ThaiPBS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024