မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီတပ်က မတ် ၂၄ ရက်ညမှာ လေကြောင်းကနေ ဗုံးအလုံး ၂၀ ကျော်ကြဲချခဲ့လို့ အမျိုးသားတယောက် သေဆုံးကာ အမျိုးသမီးတယောက် ဒဏ်ရာရရှိပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
မတ် ၂၄ ရက် ည ၈ နာရီခွဲလောက်ကနေ ၉ နာရီခွဲအတွင်း စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည်၊ ဇိုက်ချောင်းကျေးရွာ၊ ထောက်ကြံ့ပင်ကျေးရွာနဲ့ ကံတောင်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး (စဥ့်ကူး) တာဝန်ရှိသူတယောက်က “စဉ့်ကူးမြို့နယ်ထဲက ဇိုက်ချောင်း၊ ထောက်ကြံ့ပင်နဲ့ ကံတောင် ရွာ ၃ ရွာကို ဂျက်ဖိုက်တာနဲ့ ၆ ကြိမ်ကြဲတာ ဗုံးအလုံး ၂၀ ကျော်တယ်”လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ကျေးရွာတွေက ပြည်သူပိုင် အဆောက်အဦတွေ၊ လူနေအိမ်တွေထိခိုက်ပျက်စီးသွားသလို ထောက်ကြံ့ပင်ကျေးရွာက အသက် ၄၅ နှစ်ဝန်းကျင် ရွာခံအမျိုးသား တယောက်သေဆုံးကာ အမျိုးသမီးငယ် တယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လယ်ယာလုပ်ငန်းသုံးခိုင်းနွား ၄ ကောင်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “ ၂ စီး တခါ ၃ စီး တခါ လာပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ မာလဲဆည်ရှင်းလင်းဆောင်နဲ့ ကန်တောင်ရွာမှာရှိတဲ့ ဒေသခံပြည်သူတွေ အဓိကအလုပ်လုပ်တဲ့ သယံဇာတလုပ်ကွက်ကို လေကြောင်းတိုက်ခိုက်တာ”လို့ ပြောတယ်။
အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ မပေါက်ကွဲခဲ့တဲ့ လေယာဉ်ဗုံးတချို့ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ပြည်သူတွေဘေးအန္တရာယ် ထိခိုက်မှုမရှိစေဖို့ ရှင်းလင်းဖယ်ရှားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စဥ့်ကူးမြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “ထောက်ကြံ့ပင်နဲ့ ဇိုက်ချောင်းရွာတွေ ထဲကို ဗုံးတွေကျလို့ အပျက်အစီးများတယ်။ သေဆုံးဒဏ်ရာရတာကလည်း ထောက်ကြံ့ပင်ရွာကပဲ။ နောက် ကံတောင်ရွာနားက နောဒီယာထူးကုမ္ပဏီဘက် မှာကျတဲ့ ဗုံးတွေကတော့ ကွင်းပြင်ထဲကျတော့ အထိအခိုက်မရှိဘူးလို့ သိရတယ်။ အဲ့ဒိရွာတွေက တဆက်တည်းပဲ။ ရွှေထွက်ပြီးတော့ ရွှေလုပ်ငန်းလုပ်ကြတဲ့သူတွေများတော့ အရင်နှစ်တွေထဲမှာ စစ်ကြောင်းဝင်လွန်းလို့ ပြည်သူတွေအများစုက ရွာမှာမနေကြဘူး။ ရွာအစောင့်လောက်ပဲ နေကြတာ။ အခုကြဲတဲ့ဗုံးတွေထဲက မကွဲသေးတဲ့ဗုံးတွေ အဲ့ဒိရွာတွေထဲမှာ ကျန်နေသေးတယ်။ ၅ လုံးအထက်ရှိမယ်ဗျ” လို့ DVB ကို ပြောပါတယ်။
မတ် ၁၄ ရက်နဲ့ ၁၇ ရက်တွေကလည်း စဥ့်ကူးမြို့နယ်ထဲက လက်ပံလှကျေးရွာအနီးကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၃၀ ကျော်သေဆုံး ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ကြကာ လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
စဥ့်ကူးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ဗိုလ်သံမဏိက “အခုဗုံးကြဲခံရတဲ့ရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ နယ်မြေတွေဖြစ်တယ်။ သူတို့ စစ်တပ်က ကြွက်မနိုင်ကျီမီးနဲ့ရှို့ဆိုသလို ပြည်သူကိုပစ်မှတ်ထားပြီးတော့ တိုက်ခိုက်နေတာ ဖြစ်တယ်။ သူတို့ဗုံးကြဲလို့ တကယ်ခံရတာကပြည်သူတွေဖြစ်လို့ စစ်တပ်ဟာ ပြည်သူအပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေနေ့စဥ် ပြုလုပ်နေပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပြည်သူအပေါ်ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်နေတဲ့ ကျူးလွန်မှု တွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မတ် ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။