
ဥရောပဟာ စစ်ရေး ရန်စမှုတွေကို ခုခံကာကွယ်ဖို့ နည်းလမ်းအားလုံးကို ရယူရမယ်လို့ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာက မတ် ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်း နယ်နိမိတ်ဟာ မြေပုံပေါ်မှာ မျဉ်းတကြောင်းသာရှိတယ်လို့ ရုရှားက ယူဆရင် တခြားနိုင်ငံရဲ့ နယ်နိမိတ်တွေကို ဘာလို့ လေးစားသင့်မှာလဲလို့ ကော်စတာက ပြောပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က ဥရောပမူဝါဒဌာနမှာ ကျင်းပတဲ့အစည်းအဝေးအတွင်း ကော်စတာက မိန့်ခွန်းပြောခဲ့တာပါ။
ချဲ့ထွင်မှုဟာ ဥရောပသမဂ္ဂအတွက် အကောင်းဆုံးပထဝီဝင် နိုင်ငံရေး ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
နေတိုးရဲ့ ဥရောပမဏ္ဍိုင်ကို မြှင့်တင်ဖို့ကိုလည်း ဥရောပကောင်စီဥက္ကဋ္ဌက တောင်းဆိုခဲ့ပါတယ်။
"ကျနော်တို့ရဲ့ အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဟာ နေတိုးရဲ့ ဥရောပမဏ္ဍိုင်ကို အားကောင်းစေဖို့၊ ပိုပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစေဖို့၊ အချုပ်အခြာအာဏာကို ပိုပိုင်ဆိုင်လာစေဖို့၊၊ တခြားသူတွေအပေါ် မှီခိုမှုနည်းစေဖို့၊ အမေရိကန် ပြည်ထောင်စုအပေါ် မှီခိုမှုနည်းလာစေဖို့ ဆိုတာ ခုအချိန်မှာ ရှင်းရှင်းလင်းလင်းသိရတယ်လို့လဲ ကော်စတာက ပြောပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ဥရောပရဲ့လုံခြုံရေးကို အာမခံထားတဲ့ အမေရိကန်က ခုတော့ ဥရောပလုံခြုံရေးကို အာရုံစိုက်မှု မရှိတော့ဘဲ အင်ဒို-ပစိဖိတ် ဒေသကို ပြောင်းပြီး အာရုံကျနေတဲ့ အတွက် ဥရောပက သူ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သုံးစွဲလာနေ ပါတယ်။
Source: Reuters











