
မက္ကဆီကိုနိုင်ငံမြောက်ပိုင်း နူအေးဗိုးလီယွန်ပြည်နယ်မှာ မတ် ၂၃ ရက်က ဗန်ကားတစီး လျှိုမြောင်ထဲထိုးကျသွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ လူ ၁၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ကာ အနီးပတ်ဝန်းကျင် တောအုပ်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။
မီတာ ၁၂၀ နီးပါး ချောက်ထဲကို ပြုတ်ကျခဲ့တဲ့ ဗန်ကားဟာ လူ ၁၆ ယောက်ကို တင်ဆောင်သွားခဲ့ကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောကြားပါတယ်။
ခရီးသည်တွေ ဘယ်က လာသလဲ၊ ဒီလူအရေအတွက်ထဲမှာ ယာဉ်မောင်းပါ ပါ၀င်နေတာ ရှိ၊ မရှိ ဘာသတင်းအချက်အလက်မှ ချက်ချင်း မသိရသေးပါဘူး။
တချို့ဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး တချို့မှာ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေက မျှဝေထားတဲ့ ဓာတ်ပုံတွေမှာ ခြောက်သွေ့တဲ့ တောအုပ်တခုမှ မီးခိုးတွေ မြန်မြန်ဆန်ဆန် ပျံ့နှံ့လာပြီး မီးငြှိမ်းသတ်နေတဲ့ ရဟတ်ယာဉ်တစင်းကို မြင်တွေ့ရပါတယ်။
မီးမထိန်းနိုင်ခင်မှာ ၂ ဟက်တာလောက် မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်နယ်အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
Source : Reuters