DVB Logo
Home
နိုင်ငံတကာ
ထိုင်းပြည်သူများအား အပူဒဏ်အန္တရာယ် အစိုးရ သတိပေး၊ ယမန်နှစ်က ၆၃ ဦး သေဆုံးခဲ့
DVB
·
March 25, 2025
ထိုင်းပြည်သူများအား အပူဒဏ်အန္တရာယ် အစိုးရ သတိပေး၊ ယမန်နှစ်က ၆၃ ဦး သေဆုံးခဲ့
Donate to DVB

ထိုင်းပြည်သူတွေကို အပူဒဏ်အန္တရာယ် ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီးတော့ အစိုးရ လက် ထောက်ပြောရေးဆိုခွင့်ရှိသူ ခါရွမ် ပိုလ်ပွန်ခလန်က သတိပေးလိုက်သလို ပြီးခဲ့တဲ့နှစ်က အပူဒဏ်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိခဲ့တယ်လို့ ပြောလိုက်ပါတယ်။

မစ္စတာ ခါရွမ်က ထိုင်းနိုင်ငံမှာ လက်ရှိအခြေအနေအရ မွန်းတည့်ချိန်ဝန်းကျင် အပူဒဏ် အန္တရာယ်က အမြင့်ဆုံးဖြစ်နေပြီး ခန္ဓာကိုယ်အပူချိန်တက်တာ၊ မူးဝေတာ၊ အသက်ရှူ မြန်တာ၊ နှလုံးခုန် မမှန်တာ၊ တက်တာ၊ ရှော့ခ်ရတာတွေကို ဖြစ်စေနိုင်ပြီး ဒါကို စောစီးစွာ သတိနဲ့ နေထိုင်တာမျိုးမရှိဘဲ အထူးသဖြင့် အပြင်ထွက်အလုပ် လုပ်ရသူတွေအတွက် အပူဒဏ်ကြောင့် အသက်ဆုံးရှုံးစေနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနရဲ့ ၂၀၂၄ ခုနှစ် ကိန်းဂဏန်းအချက်အလက်တွေအရ အပူဒဏ်ကြောင့် သေဆုံးသူ ၆၃ ဦးကို မှတ်တမ်းတင်ထားပြီး သေဆုံးသူတွေဟာ အသက် ၃၀ ကနေ ၉၅ နှစ်ကြားအရွယ်တွေဖြစ်ကာ ပျမ်းမျှအသက်ကတော့ ၆၂ နှစ် ဖြစ်တယ်လို့ ဆိုပါတယ်။

အပူဒဏ်ကြောင့် သေဆုံးမှု မှတ်တမ်းမှာတော့ ထိုင်းနိုင်ငံခရိုင် ၃၁ ခုမှာ ဖြစ်ပွားခဲ့သလို သေဆုံးသူအများစုမှာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါလို နာတာရှည်အခြေအနေတွေ ရှိကြပြီး အရက်သောက်တာ၊ ပြင်ပမှာ အလုပ်ထွက်လုပ်ကိုင်ကြရတာတွေကြောင့်လည်း  အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးမှုတွေရဲ့ ၇၀ ရာခိုင်နှုန်းကတော့ အပူချိန်ဟာ ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိခဲ့တဲ့ ဧပြီလမှာ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ခါရွမ်ကတော့ ထိုင်းပြည်သူတွေအနေနဲ့ အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ရေ ဓာတ်ပြည့်ဝနေစေဖို့၊ ပေါ့ပါးတဲ့ အဝတ်အစားတွေ ဝတ်ဆင်ဖို့ အရက်သေစာ သောက် စားတာတွေ ရှောင်ကြဉ်ကြဖို့နဲ့ အရိပ်ထဲ အနားယူကြဖို့ တိုက်တွန်းထားပါတယ်။

ထိုင်းမိုးလေဝသဌာနကတော့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ စတင်ပြီးတော့ နွေရာသီ ဝင် ရောက်လာပြီဖြစ်ပြီး လာမယ့် မေလလယ်ထိ ကြာမြင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုနှစ်မှာ ချင်းမိုင်၊ မယ်ဟောင်ဆောင်နဲ့ တာ့ခ်အပါအဝင် နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ဒေသခရိုင် ၁၄ ခုမှာ  ပုံမှန်အားဖြင့် ဧပြီလ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ် ထက် ကျော်လွန်နိုင်တယ်လို့ သတိပေးထားပြီး အပူဒဏ်လွန်ကဲမှုအန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013