DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် ရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာခံစားနေကြရ (ဓာတ်ပုံ)
DVB
·
March 24, 2025
ပုဏ္ဏားကျွန်းတွင် ရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာခံစားနေကြရ (ဓာတ်ပုံ)
1 / 10
Donate to DVB

ရခိုင်ပြည်နယ်  ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၁၀ ရွာထက်မနည်းမှာ ရေရှားပါးမှုဒဏ်ကို ဆိုးရွာစွာ ခံစားနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်၊ ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ရွှေနတ်ပြင်၊ ကြံခင်း၊ ကျန်တလင်း၊ တောင်နား၊ သဲတော်၊ ဂဏန်းတောင် သာစည်၊ လက်ဝဲစာတိုက် စတဲ့ကျေးရွာတွေမှာ ရေရှားပါးမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရတာဖြစ်ပြီး လက်ရှိမှာ အိမ်ထောင်စုအလိုက် ရေခွဲတမ်းနဲ့သာ သုံးစွဲနေကြရတယ်လို့ အောင်ဖြူပြင်ကျေးရွာသားတယောက်က ပြောပါတယ်။

“ရွာမှာက ရေလုံးဝမရှိတော့ဘူးလို့ ပြောလို့ရတယ်။ သောက်ရေလောက်ပဲ အိမ်ထောင်စုတစုကို တနေ့ရေ ၃ ဘူးပဲ ခွဲတမ်းနဲ့ရတယ်။ ကျန်တာက ကိုယ့်ဟာကိုယ် အဆင်ပြေသလို မြောင်းတွေ၊ ချောင်းတွေက သွားခပ်ကြရတယ်။ အခုပဲ မတ်လရှိသေးတယ် ရေရှားမှုကို အလူးအလဲခံနေရပြီး လာမယ့် ဧပြီ၊ မေ နဲ့ ဇွန်လတွေကို ဘယ်လို ဖြတ်သန်းရမယ်ဆိုတာတောင် မသိတော့ဘူး” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေရှားပါးနေတဲ့ ကျေးရွာတွေမှာ စစ်ဘေးရှောင်တွေအ များအပြား ခိုလှုံနေကြရတာကြောင့် ကျေးရွာမှာရှိတဲ့ သောက်သုံးရေကန်တွေနဲ့ လူဦးရေ ညီမျှမှုမရှိတာကြောင့် ရေရှားမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရေရှားမှု ဖြစ်နေကြတဲ့ ကျေးရွာတွေမှာ ပုဏ္ဏားကျွန်းမြို့၊ ပုဏ္ဏားကျွန်းတောင်ပိုင်းရှိ ကျေးရွာတွေနဲ့ စစ်တွေမြို့နယ်က စစ်ဘေးရှောင်အများစု ခိုလှုံနေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကျေးရွာက သောက်သုံးရေခွဲတမ်း လုံလောက်စွာမရရှိတဲ့အတွက် လီတာ ၁၀၀၀ ဆံ့ ရေတတိုင်ကီကို ကျပ်ငွေ ၃၅၀၀၀ အထိပေးပြီး ဝယ်ယူသုံးစွဲနေကြရတယ်လို့ ပန်းနီလာကျေးရွာမှာ စစ်ဘေးတိမ်ရှောင်နေရတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“ရွာမှာရတဲ့ တရက်စာ ရေခွဲတမ်းက သောက်ဖို့ သုံးဖို့ လုံးဝကို လုံလောက်မှုမရှိဘူး။ အဲဒါကြောင့် တချို့ ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ လီတာ ၁၀၀၀ ဆံ့ ရေတိုင်ကီတွေ ဝယ်ပြီး သုံးစွဲကြတာတွေ ရှိတယ်။ ငွေကြေးမတတ်နိုင်တဲ့သူတွေမှာတော့ နီးစပ်ရာ ချောင်း၊ မြောင်းတွေက မသန့်ရှင်းတဲ့ ရေတွေနဲ့ပဲ သုံးစွဲနေကြရတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အရပ်ဘက်အဖွဲ့အစည်းတွေက ရေလှူဒါန်းမှုတချို့ ရှိကြပေမဲ့လည်း လိုအပ်ချက်နဲ့ လှူဒါန်းမှုက ညီမျှမှု မရှိနိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရေရှားပါးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရတဲ့ အောင်ဖြူပြင်၊ ပန်နီလာနဲ့ ကြံခင်းကျေးရွာတို့က စစ်ဘေးရှောင်တွေဟာ ၁၀ မိုင်ကျော်အကွာအဝေးရှိ ပုဏ္ဏားကျွန်းမြို့က ရေသွားခပ်နေကြရတယ်လို့လည်း ကျန်တလင်းကျေးရွာမှာနေတဲ့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“ရေရှားပါးဒဏ်ကတော့ အတော်လေးကို ဆိုးရွားလာတယ်လို့ ပြောရပါမယ်။ လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့က ကန်တွေက သွားခပ်နေရတဲ့အထိ ဖြစ်လာတယ်။ ဆိုင်ကယ်၊ ကားရှိတဲ့ သူတွေက ၁၀ မိုင်ကျော်ဝေးတဲ့ အကွာအဝေးက သွားခပ်နိုင်ပေမဲ့ မရှိတဲ့သူတွေက ဝယ်ပြီး သုံးနေကြရတယ်။ လီတာ ၂၀ ဆံ့ ရေတပုံး ကျပ်ငွေ ၁၀၀၀ အထိ ပေးနေရတော့ ဘယ်လောက် ဝယ်သုံးနိုင်ကြမလဲဆိုတာ မသိတော့ဘူး။ ကျနော်တို့ကတော့ ULA ဘက်ကို အခု ရေရှားပါးမှုကို ဝင်ရောက်ကူညီပေးစေချင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေ အများဆုံးရှိကြတဲ့ ပုဏ္ဏားကျွန်းမြို့နယ်အပြင် ရသေ့တောင်၊ ပေါက်တောနဲ့ ကျောက်တော်မြို့နယ်တို့မှာလည်း သောက်သုံးရေ ရှားပါးနေကြတာဖြစ်ပါတယ်။

Photo: ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013