ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၀ ရွာကျော်လောက်မှာ သောက်သုံးရေ ရှားပါးပြတ်လပ်နေလို့ ဒေသခံပြည်သူတွေ အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဒိုးတန်း၊ ကန်ပူး၊ ရင်းဒါး၊ ဖက်ကျ၊ မိုးတိမ်ပြင်၊ အမဲခင်၊ ရွှေနားဋောင်း၊ ပြိုင်းတောင်၊ ကျောက်ပြင်ဆိပ်၊ ကျောက်ခွဲပြင်၊ ကျောက်သံခြီ၊ အဘောင်တော်၊ ဇာတီပြင်၊ ကံချောင်း စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်လောက်မှာ သောက်သုံးရေ ရှားပါးပြတ်လပ်နေတာလို့ ဒိုးတန်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
အခုလို သောက်သုံးရေ ရှားပါးရတာဟာ ကျေးရွာတွေမှာ စစ်ဘေးရှောင်ပြည်သူတွေ များပြားလာပြီး လူဦးရေထူထပ်လာတာကြောင့် ကန်ရေတွေ မြန်မြန်ခန်းခြောက်ကုန်တာလို့ ဆိုပါတယ်။
ပရဟိတ လူမှုကူညီရေးအဖွဲ့တွေက သောက်သုံးရေ လာရောက်လှူဒါန်းတာတွေ ရှိပေမဲ့လည်း လုံလောက်မှု မရှိတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ နွေရာသီ သောက်သုံးရေ ရှားပါးတဲ့ အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေကြရလို့ ပြည်တွင်းပြည်ပ အလှူရှင်တွေ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ကူညီဆောင်ရွက်ပေးကြဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။