DVB Logo
Home
မြန်မာသတင်း
မြင်းခြံနှင့် နွားထိုးကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ အိမ် ၁၀ လုံးကျော် မီးလောင်
DVB
·
March 24, 2025
မြင်းခြံနှင့် နွားထိုးကြီးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ အိမ် ၁၀ လုံးကျော် မီးလောင်
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်တွေထဲကို စစ်ကောင်စီတပ်က မတ် ၂၂ ရက် ည ၁၂ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူတယောက် သေဆုံးကာ နေအိမ်တွေလည်း မီးလောင်ပျက်စီးကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးတာဝန်ခံက “ဒီနွားထိုးကြီးမြို့နယ်ထဲက လက်ဝဲမြင်းနီရွာကို စစ်တပ်က တညတည်းမှာ မိနစ်ပိုင်းလေးပဲခြားပြီး လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားခဲ့ပါတယ်။ အဲဒါကြောင့် လက်ဝဲမြင်းနီရွာက ရွာခံ အမျိုးသား ၂ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပြီးတော့ လူနေအိမ် ၁၀ လုံးနဲ့အထက် မီးလောင်ပျက်စီးခဲ့ပါတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါနေ့ ညပိုင်းမှာ လက်ဝဲမြင်းနီကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်ဖိုက်တာနဲ့ ၁ ကြိမ်၊ စက်တပ်လေထီးနဲ့ ၁ ကြိမ်၊ Mi 35 ရဟတ်ယာဉ်နဲ့ ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်သွားခဲ့တာလို့ Myingyan Ranger အဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ အဆိုပါ လက်ဝဲမြင်းနီကျေးရွာကို စစ်ကြောင်းထိုးတာ၊ လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတာ နှစ်ချီကြာမြင့်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က တချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ မြင်းခြံမြို့နယ်ထဲကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူနဲ့ တိရစ္ဆာန်တချို့ ထိခိုက်သေဆုံးခဲ့တယ် လို့လည်း မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

“လက်ဝဲမြင်းနီရွာ ဗုံးကြဲတဲ့အချိန် သိပ်မကွာဘဲ ကျနော်တို့ မြင်းခြံနယ်ထဲက တောပုရွာကိုလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားလို့ အသက် ၅၀ ဝန်းကျင် အမျိုးသားတယောက် နေရာမှာတင် ဆုံးသွားတယ်။ နွား ၂ ကောင်သေတယ်လို့ မြေပြင်ရဲဘော်တွေဆီက သတင်းပို့ထားပါတယ်။”

မတ် ၂၀ ရက် ညမှာလည်း စစ်ကောင်စီတပ်ဟာ မြင်းခြံမြို့နယ်ထဲက ကံဆင့်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေ​ယာဥ်နဲ့ပါ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းတဲ့ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူတွေ များပြားတာကြောင့် စစ်ကောင်စီဘက်ကလည်း စစ်သည်အင်အား၊ ပျူစောထီးအင်အား တိုးမြှင့်ချထားတာတွေ၊ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်တာတွေနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို လုယူတာ၊ လူနေအိမ်တွေကို ရွာလုံးကျွတ် မီးရှို့တာတွေအပြင် ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေကို အရင်ကထက် ပိုမိုပြုလုပ်လာတယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ် ၁၀ ရက်က စတင်ပြီး နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)” အဖြစ် ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013