
တနင်္သာရီတိုင်းက ထိုင်း-မြန်နယ်စပ်ကုန်သွယ်ရေး ကားလမ်းမပေါ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အလျားပေ ၂၄ဝ ရှည်လျားတဲ့ တံတားတစင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ တနင်္သာရီ-မောတောင် ကားလမ်းမပေါ်က ချောင်းလမုကျေးရွာရဲ့ တံတားကို မတ် ၂၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ တိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ကိုစတားက DVB ကို ပြောပါတယ်။
“ဗုံးကြဲတာက တံတားကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်လားဆိုတာ ပြောဖို့ခက်တယ်။ တံတားရဲ့ အနီးပတ်ဝန်းကျင်မှာ သူ့ဘက်ကိုယ်ဘက် ထိတွေ့မှုဖြစ်နေတာမျိုးဆိုတော့ လာချသွားတဲ့ဗုံးက ဒီတံတားကို လုံးဝပျက်စီးစေသွားတာပါ။”
အဆိုပါကားလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းတွေကြား ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတာ အခုဆိုရင် ၃ လကျော်ရှိပြီလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က မြေပြင်ထိုးစစ်တွေ ဆက်တိုက်တိုးချဲ့လုပ်ဆောင်နေပေမဲ့ NUG၊ KNU နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တန်ပြန်ခုခံမှုတွေ အားကောင်းစွာ လုပ်ဆောင်နေတာကြောင့် လေကြောင်းပစ်ကူတွေ အသုံးပြုပြီး တနင်္သာရီ-မောတောင်ကားလမ်းပိုင်းကို နေ့စဉ်နီးပါး ဗုံးကြဲနေတာလို့ ပြောပါတယ်။
မတ် ၂၁ ရက် နေ့လယ်ပိုင်းကလည်း တနင်္သာရီ-မောတောင် ကားလမ်းပိုင်းက ရွာလုံးကျွတ် ထွက်ပြေးနေရတဲ့ ချောင်းလမုကျေးရွာမှာ ရိက္ခာယူဖို့ ခေတ္တပြန်လာတဲ့ စစ်ဘေးရှောင် ပြည်သူတွေ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ကိုယ်ဝန်သည်အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။