
တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကြား ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဖို့ သမိုင်းကြောင်းကို ထက်ထက်သန်သန် တွေးတောဆင်ခြင်ပြီး သင်ယူကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စနေနေ့မှာ ဆော်ဩလိုက်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာခဲရှီအီဝါယာနဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုတေးယူးတို့ ဂျပန်မြို့တော်တိုကျိုမှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား ၃ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ပြီးတဲ့နောက် ဝမ်က ခုလို မှတ်ချက်စကား ပြောခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီး တာခဲရှီအီဝါယာကလည်း ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့ဟာ အရေးကြီးတဲ့ အိမ်နီးချင်းတွေလို့ အလေးပေး ပြောကြားခဲ့ပါတယ်။
“ဂျပန်-တရုတ်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အခြေအနေတွေကို ပိုကျယ်ပြန့်တဲ့ ရှုထောင့်ကနေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာပါ။ အဲဒီအတွက် အနာဂတ်ကို ဦးတည်တဲ့ ၃ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကျနော်တို့ရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
၃ နိုင်ငံအကြား အနာဂတ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဖို့ သမိုင်းကြောင်းကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ ဝမ်က သတင်းစာရှင်းလင်းပွဲမှာ အလေးပေး ပြောခဲ့ပါတယ်။
“ဒီနှစ်ဟာ ဂျပန်ကျူးကျော်မှု ဆန့်ကျင်ရေးနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲကို အောင်ပွဲခံခဲ့တဲ့ နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ သမိုင်းကြောင်းကို လေ့လာသုံးသပ်ပြီး တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ထုတ်ယူဖို့ ကျနော်တို့အတွက် အရေးကြီးတဲ့နှစ် ဖြစ်ပါတယ်” လို့လည်း ဝမ်ယိက ပြောပါတယ်။
တရုတ်-ဂျပန်-တောင်ကိုရီးယား ၃ နိုင်ငံဟာ သမိုင်းကို လေးလေးနက်နက် လိုက်နာပြီး ပိုမိုတောက်ပတဲ့ အနာဂတ်ကို ရှာဖွေပြီး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးတဲ့နှစ် ဖြစ်ပါတယ်လို့ ဝမ်ယိက ဆက်ပြောပါတယ်။
လာမယ့် ၃ နိုင်ငံ ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို အခုနှစ်အတွင်း ကျင်းပနိုင်ရေး အတွက် နီးကပ်တဲ့ဆက်ဆံရေး ထားရှိဖို့ ၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။
Source : Reuters