DVB Logo
Home
မြန်မာသတင်း
စလင်းတွင် စစ်တပ်က ပြည်သူ ၄ ဦးကို နှိပ်စက်သတ်ဖြတ်ပြီး အိမ်သာကျင်းထဲ စွန့်ပစ်၊ အမျိုးသမီး ၁ ဦး မီးရှို့သတ်ခံရ
DVB
·
March 24, 2025
စလင်းတွင် စစ်တပ်က ပြည်သူ ၄ ဦးကို နှိပ်စက်သတ်ဖြတ်ပြီး အိမ်သာကျင်းထဲ စွန့်ပစ်၊ အမျိုးသမီး ၁ ဦး မီးရှို့သတ်ခံရ
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားပြည်သူ ၄ ယောက်ကို သတ်ဖြတ်ပြီး အိမ်သာကျင်းထဲ စွန့်ပစ်ထားခဲ့ကာ မီးရှို့ခံရထားရတဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းလည်း တွေ့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စလင်းမြို့နယ်၊ ကျပင်းမြောက်ကျေးရွာက အသက် ၃၈ အရွယ် အမျိုးသားတယောက်၊ အသက် ၄၆ အရွယ် အမျိုးသား ၂ ယောက်နဲ့ အသက် ၅၆ အရွယ် အမျိုးသားတယောက်တို့ကို  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားကြတာဖြစ်ပြီး မီးရှို့ခံထားရတဲ့ အမျိုးသမီးကတော့  ကန်တော်ကျေးရွာက ဖြစ်တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

“အခုလဆန်းပိုင်းမှာ စလင်းမြို့နယ်ထဲက ကျပင်းမြောက်ရွာထဲကို စကစစစ်ကြောင်းဝင်ပြီး ၄၊ ၅ ရက်လောက် တပ်စွဲနေခဲ့ပြီးတော့ အဲဒီရွာက ပြည်သူတွေ ထွက်ပြေးရတယ်။ အဲဒီမှာ သူတို့စစ်​သားတွေက ပြည်သူတချို့ကို ဖမ်းတယ်။ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူကြတယ်။ ဖမ်းထားတဲ့ ပြည်သူတွေထဲက ၄ ယောက်ကို ရွာစာသင်ကျောင်းထဲမှာ ရက်ရက်စက်စက် နှိပ်စက်ပြီး သတ်ဖြတ်လိုက်ကြတယ်။ ပြီးတော့ အလောင်းတွေကို အိမ်သာကျင်းထဲ ထည့်ခဲ့ကြတယ်ဗျာ။ နောက်ပြီးတော့ မီးရှို့ခံရထားရတဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းတခုလည်း တွေ့ရှိထားတယ်။ စစ်ကြောင်းထွက်သွားတော့ လူနေအိမ်တွေကိုလည်း မီးရှို့သွားခဲ့ကြသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော် ပါဝင်တဲ့ အဆိုပါစစ်ကြောင်းဟာ မတ် ၆ ရက်ကနေ စတင်ကာ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး မတ် ၉ ရက်ကနေ ၁၁ ရက်အထိ ကျပင်းမြောက်ကျေးရွာအတွင်းမှာ ဝင်ရောက်တပ်စွဲနေကြကာ အခုလို ရွာသားတွေကို အကြမ်းဖက် သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

စလင်း ပကဖ တာဝန်ခံ အမ်ဖိုးက “ဖမ်းခံရတာက ၆ ယောက်။ ရွာစာသင်ကျောင်းထဲမှာ ဖမ်းထားပြီး နှိပ်စက်နေတုန်း ၂ ယောက်က ထွက်ပြေးလို့ လွတ်လာတယ်။ အမျိုးသား ၄ ယောက် ကျန်ခဲ့ပြီး အသတ်ခံရတာ။ ရွာထဲကို ပြည်သူတွေ ပြန်ဝင်ပြီး ရှင်းကြလင်းကြတော့ အနံ့တွေထွက်လို့ ရှာကြတော့မှ အိမ်သာကျင်းထဲကနေ အလောင်းတွေတွေ့ကြတာ၊ လက်ပြန်ကြိုးတွေလည်း အတုပ်ခံထားကြရတယ်။ နောက်ပြီးတော့လည်း အဲဒီရွာက ပြည်သူတွေ ရက်ပေါင်း ၂၀ လောက် စစ်ဘေးရှောင်နေတဲ့အချိန်မှာ သက်ကြီးရွယ်အိုနဲ့ ရောဂါအခံရှိတဲ့သူ ၅ ယောက်လောက်လည်း သေဆုံးခဲ့ရသေးတယ်လို့ သိရတယ်။ စစ်ဘေးရှောင်ပြည်သူတွေ အသက်ဆုံးရှုံးရတာလည်း စစ်တပ်ကြောင့်လို့ပဲလို့ ပြောရမှာပဲဗျ” လို့ DVB ကို ပြောပါတယ်။

အဆိုပါ စစ်​ကောင်စီစစ်ကြောင်းဟာ စလင်း-တညောင် လမ်းပိုင်းပေါ်က ကျေးရွာတွေကို ပြီးခဲ့တဲ့  မတ် ၆ ရက်ကနေ ၁၇ ရက်အထိ ၁၂ ရက်ကြာ စစ်ကြောင်းထိုးနေစဥ်အတွင်း ကျပင်းမြောက်၊ သီးပင်စု၊ နေပူကန်၊ ကုက္ကိုတန်း၊ ကန်တော်နဲ့ ရေပေါ်ကျွန်းလေး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်အလုံး ၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ် တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီပြန်ကြားရေးကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။  

Photo : စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013