
ရန်ကုန်သင်္ကြန်လုံခြုံရေးအတွင်း ပလကဖအဖွဲ့ (ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်ရေးအဖွဲ့) တွေကို တာဝန်ပေးမှာဖြစ်တဲ့အတွက် ယူနီဖောင်းတွေထုတ်ပေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မနေ့ မနက်က ကြည့်မြင်တိုင်မြို့နယ် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှာ ဗိုလ်မှူးကြီးတင်းဝင်းက အလုံ၊ ကြည့်မြင်တိုင်နဲ့စမ်းချောင်းမြို့နယ်က ပလကဖ အဖွဲ့တွေကို ယူနီဖောင်းထုတ်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“ပလကဖအဖွဲ့တွေကို စစ်တပ်က သီးသန့်ထားချင်လို့ ဝတ်စုံခွဲလိုက်တာ။ အရင်က စစ်တပ်ယူနီဖောင်းပဲပေးထားတာ၊ သေနတ်တော့ထုတ်မပေးသေးဘူး။ သင်္ကြန်လုံခြုံရေးရော ရွေးကောက်ပွဲအတွက်ရောဖြစ်မယ်။ ခရိုင်အတော်များများထုတ်ပေးပြီးပြီ” လို့ ပြောပါတယ်။
မတ် ၁၄ ကနေ ဒီကနေ့အထိ စစ်ကောင်စီက ရန်ကုန်တိုင်းအတွင်းက သန်လျင်ခရိုင်၊ တွံတေးခရိုင်၊ အင်းစိန်ခရိုင်နဲ့ ကြည့်မြင်တိုင်ခရိုင်မှာရှိတဲ့ မြို့နယ် ၁၉ မြို့နယ်မှာ ယူနီဖောင်းနဲ့ စားနပ်ရိက္ခာတွေထောက်ပံ့နေတာပါ။
ပလကဖ အဖွဲ့တွေဟာ စစ်တပ်၊ ရဲနဲ့ပေါင်းပြီး မြို့ဝင်ဂိတ်တွေမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ရှာဖွေတာတွေ ဖမ်းဆီးတာတွေနဲ့ ငွေတောင်းခံတာတွေလည်းရှိတယ်လို့ သုံးခွမြို့တယောက်က ပြောပါတယ်။
“စစ်တပ်လည်းကြောက်ရ၊ ရဲလည်းကြောက်ရ အုပ်ချုပ်ရေးအဖွဲ့လည်းကြောက်ရ ပြည်သူ့စစ်လည်း ကြောက်ရနဲ့ အခု ပလကဖ အဖွဲ့ပါထပ်တိုးလာတယ်၊ ဒါတောင် လက်နက်မကိုင်ရသေးဘူးနော်၊ ပလကဖ ရှိတဲ့မြို့တွေပဲ အဲဒီဒုက္ခကိုသိတယ်”
လတ်တလော ရန်ကုန်က ပလကဖ အဖွဲ့ကို လက်နက်ထုတ်မပေးရသေးပေမယ့် ပဲခူးနဲ့ဧရာဝတီတိုင်းက ပလကဖ အဖွဲ့တွေကို မတ် ၁၀ ရက်မှာ စစ်ကောင်စီက လက်နက်ထုတ်ပေးခဲ့ပါတယ်။
ရန်ကုန်တိုင်းမှာ မြို့နယ် ၄၅ မြို့နယ်နဲ့ မြို့ ၂၁ မြို့ ရှိပြီး အရင်က ခရိုင် ၄ ခုပဲရှိရာကနေ အာဏာသိမ်းစစ်တပ်က ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်မှာ ၁၄ ခရိုင် အထိ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။











