မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်နဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ ၁ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရပြီး အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံမြို့နယ်၊ ကံဆင့်ကျေးရွာကို မတ် ၂၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး လေယာဉ်နဲ့ပါဗုံးကြဲခဲ့လို့ ပြည်သူ ၁ ယောက် သေဆုံးခဲ့သလို လူနေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ တာဝန်ခံတယောက်က “ကံဆင့်ရွာထဲကို တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ စစ်တပ်ဘက်က ဟောင်ဝစ်ဇာလက်နက်ကြီး ၅ လုံးလောက်နဲ့ပစ်တယ်။ နောက်ပြီး သိပ်မကြာခင်မှာ လေယာဉ်နဲ့ဗုံးကြဲသွားလို့ အမျိုးသား ၁ ယောက် နေရာမှာတင် ဆုံးသွားတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တာကြောင့် ကံဆင့်ကျေးရွာနေ အသက် ၄၀ ဝန်းကျင် ကိုလှကို ဆိုသူဟာ နေရာမှာသေဆုံးသွားပြီး ကျေးရွာအတွင်းက လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
မြင်းခြံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက “အဲဒီရွာတွေဘက်မှာ လေကြောင်းရန်အတွက် ဗုံးခိုကျင်းတွေတူးထားကြတာတွေရှိတယ်။ အခုဆုံးသွားတဲ့ ကိုလှကို က လက်နက်ကြီးအသံတွေတိတ်သွားလို့ ဗုံးခိုကျင်းထဲကနေ အပြင်ထွက်ပြီး သူ့အိမ်ထဲမှာနေနေတာ။ လေယာဉ်နဲ့ဗုံးကြဲတာက သူ့အိမ်ပေါ်ကိုတည့်တည့်ကျသွားတာ” လို့ DVB ကို ပြောပါတယ်။
မြင်းခြံမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအင်အားကောင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရသူတွေများပြားသလို စစ်ကောင်စီဘက်ကလည်း စစ်သည်အင်အား၊ ပျူစောထီးအင်အား တိုးမြှင့်ချထားတာတွေ၊ စစ်ဆေးရေးဂိတ်တွေ တိုးလာတာနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ၊ ဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကိုလုယူတာ၊ လူနေအိမ်တွေကို ရွာလုံးကျွတ်မီးရှို့တာတွေအပြင် ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေကို အရင်ကထက် ပိုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဉးမြို့မှာလည်း မတ် ၁၈ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြောက်ဉးမြို့ သကျမာရ်အောင်ဘုရားနဲ့ ဘုန်းကြီးကျောင်းနားတဝိုက်ကို မနက် ၂ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်တစင်းနဲ့ ၂ ကြိမ်ဗုံးကြဲခဲ့တာဖြစ်ပြီး ပြည်သူ ၂ ယောက်ထိခိုက်ဒဏ်ရာရသလို ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်အဆောက်ဦတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျွဲ ၂ ကောင်လည်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဗုံးသီးတချို့ မပေါက်ကွဲဘဲ ကျန်နေတာကြောင့် AA က လာရောက်ရှင်းလင်းသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲခဲ့တာဗျ Cluster(ပဒေသဗုံး) အလုံး ၂၀ နဲ့ မီးလောင်ဗုံးတလုံး ကြဲချခဲ့တာပါ။ စစ်ကောင်စီက အဲဒီပတ်ဝန်းကျင်မှာ AA တပ်ဖွဲ့ဝင်တွေရှိနိုင်တယ်လို့ ထင်ပြီး လာရောက်ဗုံးကြဲတာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာကိုလည်း မတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။