
အင်္ဂလန်အသင်းအနေနဲ့ အယ်လ်ဘေးနီးယားနဲ့ပွဲမှာ (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ကစားပုံကို အားရကျေနပ် ခြင်းမရှိကြောင်း နည်းပြသောမက်စ်တူဟယ်က ပြောပါတယ်။
ဂျာမန်နည်းပြဟာ သူ့ရဲ့ အင်္ဂလန်နည်းပြဘ၀ ပထမဆုံးပွဲစဉ်မှာ မားကပ်ရှ်ရက်ရှ်ဖို့ဒ်နဲ့ ဖီးလ်ဖိုဒမ်တို့ကို တောင်ပံတိုက်စစ်နေရာတွေမှာ ပွဲထွက်စေခဲ့ပြီး အာဆင်နယ်နောက်ခံလူ လူးဝစ်စကယ်လီနဲ့ လီဗာပူးက ကာတစ်ဂျုံးစ်တို့ကိုလည်း ပွဲထွက်ခွင့် ပေးခဲ့တာပါ။
တယောက်ချင်းကစားပုံတွေပဲ မြင်တွေ့ရပြီး အသင်းရဲ့ တည်ဆောက်ပုံအတိုင်း စည်းစနစ် တကျ မကစားနိုင်ခဲ့ကြောင်း၊ တောင်ပံတိုက်စစ်နေရာတွေကနေ အကျိုးသက်ရောက်မှု ပိုများဖို့ လိုအပ် ပြီး တိုက်စစ်ပိုင်းက စိတ်လှုပ်ရှားစရာကစားပုံတွေနဲ့ စွန့်စားမှုတွေပိုလုပ်ဖို့လိုအပ်ကြောင်း နည်းပြ တူဟယ်က ပြောသွားပါတယ်။
ကွင်းလယ်လူ ဘယ်လင်ဂမ်ကလည်း အင်္ဂလန်အသင်းအနေနဲ့ အကောင်းဆုံးခြေစွမ်းမရခဲ့ဘဲ လာမယ့်ပွဲစဉ်တွေမှာ ပိုကောင်းလာဖို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။
Source-Reuters