
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းနားကို စစ်ကောင်စီတပ်က မတ် ၂၁ ရက်နေ့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၀ နှစ်ဝန်းကျင် စစ်ရှောင်ကလေးငယ် ထိမှန်ဒဏ်ရာရပြီး လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၂၁ ရက် မနက် ၁၀ နာရီခွဲလောက်မှာ လေကြောင်းကနေ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်တဲ့အပြင် ပွိုင့် ၅ နဲ့ပါ ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “စစ်ရှောင်စခန်းနားမှာကြဲတာ၊ စစ်ရှောင်ကလေးတယောက်ထိတယ်။ ပွိုင့် ၅ လည်း စ သုံးတယ်။ လေယာဉ်နဲ့အတူ ရှယ်ကိုပစ်တာ။ ၁၀၂ တပ်ကနေလည်း အနောက်ခြမ်းကို လက်နက်ကြီးထုနေတယ်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲပြီးနောက် လက်နက်ကြီးနဲ့ပစ်ခတ်လေ့ရှိပေမယ့် ဒီတကြိမ်မှာတော့ လေယာဉ်မှာပါတဲ့ စက်သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “တနေ့တနေ့ ဘယ်လိုရှင်သန်ဖြတ်သန်းရမှန်းကို မသိတော့ပါဘူး။ စိတ်ဒဏ်ရာတွေလည်း ရနေပြီ။ လေယာဉ်မြင်တာနဲ့ကို ကြောက်နေရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လေယာဉ်နဲ့ ဗုံးကြဲပြီးနောက် လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပြီး နေ့လယ်ပိုင်းမှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းနဲ့ အရှေ့ခြမ်းကို လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို မကြာခဏပြုလုပ်နေသလို ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကလည်း ဒီးမော့ဆိုအနောက်ခြမ်းကို လေကြောင်းကနေ ဗုံး ၆ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တဲ့အတွက် စစ်ဘေးရှောင်အမျိုးသမီးတယောက်ထိခိုက်မိပြီး နေအိမ်လည်းပျက်စီးခဲ့ရပါတယ်။