DVB Logo
Home
နိုင်ငံတကာ
ဆူဒန်စစ်တပ်က သမ္မတနန်းတော်နှင့် ဝန်ကြီးဌာနများကို သိမ်းပိုက်
DVB
·
March 21, 2025
ဆူဒန်စစ်တပ်က သမ္မတနန်းတော်နှင့် ဝန်ကြီးဌာနများကို သိမ်းပိုက်
Donate to DVB

ဆူဒန်စစ်တပ်ဟာ ခါတွန်မြို့ရှိ သမ္မတအိမ်တော်အပြင် ဝန်ကြီးဌာနတွေကို မတ် ၂၁ ရက်မှာ သိမ်းပိုက်လိုက်ပြီး သမ္မတအိမ်တော်အတွင်း ရောက်ရှိနေကြောင်းကို ဆူဒန်စစ်တပ် အရာရှိတွေကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို လွှင့်တင်ထားပါတယ်။

ဆူဒန်ရုပ်သံနဲ့ စစ်ဖက်သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဆူဒန်စစ်တပ်ဟာ ခါတွန်ရှိ သမ္မတအိမ်တော်ကို သောကြာနေ့မှာ အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး ဒါဟာ နိုင်ငံကို ပြိုကွဲစေမယ့် ခြိမ်းခြောက်မှုဖြစ်တဲ့ ဆူဒန်စစ်တပ်နဲ့ အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့အကြားက ၂ နှစ်ကြာ စစ်ပွဲအတွင်း သိသာထင်ရှားတဲ့ မှတ်တိုင်တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဆူဒန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ နာဘီးလ် အဗ္ဗဒလ္လာက “ဆူဒန်စစ်တပ်ဟာ RSF အကြီးအကဲ ဒါဂါလိုရဲ့ အကြမ်းဖက်ပြည်သူ့စစ်တွေရဲ့ အကြွင်းအကျန်တွေကို ချေမှုန်းပစ်ဖို့အတွက် ခါတွန်မြို့အလယ်ပိုင်း၊ အာရပ်စျေး၊ ဆူဒန်ပြည်သူတွေရဲ့ ဂုဏ်ကျက်သရေဆောင် ရီပတ်ဘလီကန်နန်းတော် အဆောက်အအုံတွေနဲ့ ဝန်ကြီးဌာန အဆောက်အအုံတွေကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း” ပြောပါတယ်။

စစ်တပ်ဟာ RSF အဖွဲ့ဝင်တွေကို လိုက်ရှာဖို့အတွက် နန်းတော်တဝိုက်ရှိ နေရာတွေမှာ ရှာဖွေရေးတွေ လုပ်ဆောင်နေကြောင်း စစ်ဖက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြို့တော် ခါတွန်ရဲ့ မြို့လယ်ဧရိယာတချို့မှာ သေနတ်သံတွေကို ဆက်တိုက်ကြားနေရတယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

မြို့တော်ကို သိမ်းပိုက်ခြင်းဟာ စစ်တပ်ရဲ့ ဆူဒန်အလယ်ပိုင်းကို အပြည့်အဝ သိမ်းယူမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဖက်တပ်တွေအကြားရှိ နိုင်ငံရဲ့ အရှေ့အနောက် နယ်မြေပိုင်းခြားမှုကိုလည်း ခိုင်မာစေပါတယ်။

အရန်လက်နက်ကိုင်အဖွဲ့ RSF ဟာ ၂၀၂၃ ခုနှစ် ဧပြီလတုန်းက စစ်ပွဲဖြစ်ပွားချိန်မှာ နန်းတော်နဲ့ မြို့တော်နယ်မြေ အများစုကို မြန်မြန်ဆန်ဆန် သိမ်းပိုက်နိုင်ခဲ့ပေမဲ့ မကြာသေးခင် လပိုင်းအတွင်းမှာတော့ ဆူဒန်စစ်တပ်ဟာ တကျော့ပြန်ပြီး နိုင်းမြစ်တလျှောက်ရှိ နန်းတော်ဆီကို ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်အစောပိုင်းမှာ အပြိုင်အစိုးရတရပ်ကို စတင်ဖွဲ့စည်းခဲ့တဲ့ RSF ဟာ မြို့တော် ခါတွန်ရဲ့ အစိတ်အပိုင်းတွေနဲ့ အနီးရှိ အိုဒူမန် အပြင် အနောက်ဆူဒန်တို့ကို ထိန်းချုပ်ထားပြီး မြောက်ပိုင်း ဒါဖာပြည်နယ်ရှိ အယ်လ်ဖာရှာမြို့က စစ်တပ်ရဲ့ နောက်ဆုံးအမာခံနေရာကို သိမ်းပိုက်ဖို့ တိုက်ပွဲဝင်နေပါတယ်။

နှစ်ဖက်စလုံးက ကျန်ရှိနေသေးတဲ့ တိုင်းပြည်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကြိုးပမ်းဆောင်ရွက်မှုတွေက အကောင်အထည် ပေါ်လာခြင်း မရှိပါဘူး။

ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းလို့ ကုလသမဂ္ဂက ခေါ်ဝေါ်ခဲ့တဲ့ ပဋိပက္ခကြောင့် နိုင်ငံတဝန်း နေရာအများအပြားမှာ အငတ်ဘေးနဲ့ ရောဂါတွေ ဖြစ်ပွားခဲ့ရပါတယ်။

နှစ်ဖက်စလုံးဟာ စစ်ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲခံထားရပြီး RSF ကိုလည်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။ စွဲချက်တွေကို နှစ်ဖက်စလုံးက ငြင်းဆိုထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013