DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဘတ် ၂၁ သန်းတန်ဖိုးရှိ  အီး စီးကရက် ၁ သိန်းကျော် ဖမ်းဆီးရမိ
DVB
·
March 21, 2025
ထိုင်းတွင် ဘတ် ၂၁ သန်းတန်ဖိုးရှိ  အီး စီးကရက် ၁ သိန်းကျော် ဖမ်းဆီးရမိ
Donate to DVB

ထိုင်းနိုင်ငံ၊ ချွန်းပူးရီးခရိုင်၊ လဲမ်ချဘန်းဆိပ်ကမ်းမှာ ဘတ် ၂၁ သန်းတန်ဖိုးရှိ အီးစီးကရက်  ၁၂၁,၄၉၀   တောင့် ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာနနဲ့ တာဝန်ရှိသူတွေက မတ် ၂၀ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လဲမ်ချဘန်းဆိပ်ကမ်း ကုန်ပစ္စည်းချထားတဲ့နေရာမှာ မသင်္ကာဘွယ် ကွန်တိန်နာကြီး ၄ လုံးကို တွေ့ရှိပြီး အတွင်းထဲ ပါဝင်ပစ္စည်းတွေကို စစ်ဆေးဖို့ ပစ္စည်းလက်ခံသူကို ဆက်သွယ်ခဲ့ပေမဲ့ အတန်ကြာ လာရောက်မဆက်သွယ်တာကြောင့် အကောက်ခွန်၊ DSI အထူးမှုခင်း စစ်ဆေးရေးတပ်ဖွဲ့၊ အမှတ် ၂ ခရိုင်ရဲတပ်ဖွဲ့တို့ပါတဲ့ တာဝန်ရှိသူတွေဟာ အဆိုပါကွန်တိန်နာတွေကို မတ် ၁၇ ရက်က သွားရောက်ဖွင့်ဖောက် စစ်ဆေးခဲ့ကြတယ်လို့ တရားရေးဝန်ကြီးဌာန အတွင်းဝန် နန်းဖုန်းဆဝပ် နိလယိုးထင်းက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

စစ်ဆေးချက်အရ ပထမကွန်တိန်နာမှာ ဘူး ၃၂၀ ထဲ ထည့်ထားတဲ့ တန်ဖိုး ဘတ် ၈,၆၄၀,၀၀၀ ရှိ အီး စီးကရက် ၄၈,၀၀၀ တောင့်၊ ဒုတိယကွန်တိန်နာမှာ ၁၇၈ ဘူးမှ တန်ဖိုး ဘတ် ၆,၅၁၀,၆၀၀ ရှိ အီးစီးကရက် ၃၆,၁၇၀ တောင့်၊ တတိယကွန်တန်နာမှာ ၅၉ ဘူး တန်ဖိုး ဘတ် ၂,၅၀၇,၄၀၀ ရှိ အီးစီးကရက် ၁၃,၉၃၀ တောင့်၊ စတုတ္ထကွန်တိန်နာမှာ ၁၀၃ ဘူးထဲမှ တန်ဖိုး ဘတ် ၄,၂၁၀,၄၀၀  ရှိ အီးစီးကရက် ၂၃,၃၉၀ တောင့်၊ အားလုံး စုစုပေါင်း ဘူး ၆၆၀ မှ တန်ဖိုးဘတ် ၂၁,၈၆၈,၂၀၀ (၂၁၈ သိန်းကျော်) ရှိ  အီးစီးကရက် ၁၂၁,၄၉၀ တောင့် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒီသတင်းစာရှင်းပွဲမတိုင်ခင် မတ် ၁၈ ရက်ကလည်း နွန်ထပူရီခရိုင်၊ ဘန်ဘိုထောင်းနယ်မြေထဲမှာ ဘတ် သန်းပေါင်း ၁၃၀ တန်ဖိုးရှိ အီးစီးကရက် ၂  ဒသမ ၆ သိန်း ဖမ်းမိခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံမှာ  အီးစီးကရက် ဖမ်းဆီးနှိမ်နင်းရေးကို Operation Smoke Out ဆိုတဲ့ စီမံချက်နဲ့  သံသယရှိ နေရာပေါင်း ၁၀ နေရာကို သွားရောက်ဖမ်းဆီးခဲ့တာမှာ သီတင်း ၂ ပတ်အတွင်း အီးစီးကရက် အမှုပေါင်း ၁,၀၇၈ မှု၊ တရားခံ ၁,၁၀၄ ယောက်၊ ဘတ်သန်းပေါင်း ၁၂၀ တန်ဖိုးရှိ အီးစီးကရက် ၉၀၀,၄၄၄ ထောင့် ဖမ်းဆီးရမိပါတယ်။

နွန်ထပူရီမှာ ဖမ်းဆီးရမိတဲ့ ၂ ဒသမ ၆ သိန်းဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ပမာဏအများဆုံး ဖမ်းမိတာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ် ကိုယ်တိုင် သွားရောက်စစ်ဆေးပြီး သတင်းစာရှင်းခဲ့ပါတယ်။

ဝန်ကြီးချုပ်က အခုလို အီးစီးကရက်ကို အားကြိုးမာန်တက် နှိမ်နင်းကြတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင် ချီးမွမ်းစကား ပြောကြားခဲ့တယ်၊ အီးစီးကရက်ဟာ အသက်ဆုံးပါးစေတဲ့ထိ အန္တရာယ်ရှိပါတယ်၊ အခုလို ကုန်ပစ္စည်းတွေ ဖမ်းဆီးသိမ်းဆည်းတဲ့အပြင် တဖက်ကလည်း အသိပညာပေး လုပ်ငန်းတွေ ပိုပြီးလုပ်ရမယ်၊ လူငယ်လူရွယ်တွေရှိတဲ့ စာသင်ကျောင်းတွေမှာ အသိပညာပေးဖို့ ပညာရေးဌာနကိုလည်း အကြောင်းကြားပြီးဖြစ်တယ်လို့  ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ အီးစီးကရက် သုံးစွဲမှုကို ဥပဒေအရ တားမြစ်ထားပြီး သုံးစွဲနေတာကို တွေ့ရှိသည်ဖြစ်စေ၊ အိတ်ထဲမှာ ရှာဖွေတွေ့ရှိသည်ဖြစ်စေ ဘတ် ၅,၀၀၀ ထိ ဒဏ်ငွေချမှတ်ခံရမယ်လို့ ဆိုပါတယ်။

Source : CH7 HD News / Thairath / Royal Thai Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013