
ကောလ်စင်တာ အွန်လိုင်းလိမ်လည်မှုတွေ လုပ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ကျားဖြန့် ယာကူဇာ ဂိုဏ်းစတားတယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း The Nation သတင်းမှာ မတ် ၂၀ ရက်က ဖော်ပြပါတယ်။
ယာမာဂူချီ အမည်ရတဲ့ အဆိုပါ ယာကူဇာဂိုဏ်းစတားဟာ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်း ရှောင်လာပြီးနောက် အိမ်နီးချင်းနိုင်ငံတွေမှာ တရားမဝင် ကောလ်စင်တာ ငွေလိမ်လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ကာ လတ်တလောမှာတော့ သူ့ကို ဘန်ကောက်မြို့မှာ တလကို ဘတ် ၁၈၀,၀၀၀ နဲ့ ငှားရမ်းနေထိုင်တဲ့ ဇိမ်ခံအိမ်မှာ ဖမ်းမိခဲ့ပြီလို့ ဆိုပါတယ်။
ထိုင်းတော်ဝင်ရဲဌာနချုပ်မှာ မတ် ၂၀ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ ဂျပန်သံရုံးရဲ့ လက်ထောက်သံမှူး နာရိုတို ဝါတာနာဘေးလည်း တက်ရောက်ခဲ့ပါတယ်။
မစ္စတာ ယာမာဂူချီကိုတော့ သူ့နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ လိမ်လည်မှု၊ ခိုးမှုတွေနဲ့အတူ ဖွဲ့စည်းထားတဲ့ ရာဇ၀တ်မှု ထိန်းချုပ်ရေး ဥပဒေတွေကို ချိုးဖောက်မှုတွေနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရို (IB) ဟာ ဂျပန်အာဏာပိုင်တွေရဲ့ တောင်းဆိုမှုအရ မတ် ၁၃ ရက်မှာ သူ့ရဲ့ဗီဇာကို ရုပ်သိမ်းခဲ့ပြီး ရှာဖွေဖို့ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ရဲမှူးချုပ် ဗိုလ်မှူးကြီး ထက်ချိုင်း ဖိထားနီလာဘူထာ့ကတော့ သူဟာ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ကောလ်စင်တာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ သံသယရှိပြီး ထိုင်းနိုင်ငံကိုမဝင်ခင် အဆိုပါနိုင်ငံတွေကြား မကြာခဏ ခရီးသွားနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူက ပြီးခဲ့တဲ့နှစ်တုန်းက Last Samurai Japan အမည်ရတဲ့ ကုမ္ပဏီတခုကို တည်ထောင်ခဲ့ပြီး အနုပညာပစ္စည်းတွေ ရောင်းချဖို့ ရည်ရွယ်ထားတယ်လို့ဆိုပေမဲ့ ထိုင်း ရဲတပ်ဖွဲ့ကတော့ အဆိုပါ ကုမ္ပဏီဟာ မစ္စတာ ယာမာဂူချီရဲ့ အွန်လိုင်း လိမ်လည်လှည့်ဖျားမှု လုပ်ငန်းတွေက ငွေကြေးခဝါချဖို့ အသုံးပြုခဲ့တယ်လို့ ယုံကြည်နေတာပါ။
မစ္စတာ ယာမာဂူချီရဲ့ အငှားအိမ်ကို ဝင်ရောက်စီးနင်းမှုအတွင်းမှာတော့ ထိုင်းရဲတပ်ဖွဲ့က သူနဲ့ အလုပ်အတူလုပ်တယ်လို့ ယူဆရတဲ့ တခြားဂျပန်အမျိုးသား ၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် အာဏာပိုင်တွေဟာ ဘတ်ငွေ သန်း ၃၀ လောက် တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုတွေကိုပါ သိမ်းဆည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
လတ်တလောမှာတော့ သူတို့ကို စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ်ပြီးနောက် လာမယ့်လ အစောပိုင်းမှာ ပြည်နှင်ဒဏ်ပေးမှာဖြစ်တယ်လို့ ရဲမှူးချုပ် ဗိုလ်မှူးကြီးထက်ချိုင်းက အတည်ပြု ပြောဆိုပါတယ်။
Source: The Nation











