DVB Logo
Home
မြန်မာသတင်း
LGBTQ+ နှင့် အမျိုးသမီးရေးရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးဆိုင်ရာ အကြံပြုချက် ထုတ်ပြန်
DVB
·
March 21, 2025
LGBTQ+ နှင့် အမျိုးသမီးရေးရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးဆိုင်ရာ အကြံပြုချက် ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံက လိင်စိတ်ခံယူမှု ကွဲပြားသူတွေနဲ့ အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြံပြုချက်တွေကို   အမျိုးသမီနဲ့  LGBTQ+ အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက မတ်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေက  အမျိုးသမီးအခွင့်အရေးနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတို့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်း ၄၀ က ကိုယ်စားလှယ် ၅၈ ယောက်တို့ ပါဝင်တဲ့ ၃ ကြိမ်တိုင် ဆွေးနွေးပွဲတွေက ပေါ်ထွက်လာတဲ့ အကြုံပြုချက်တွေကို ထုတ်ပြန်လိုက်တာပါ။

ထုတ်ပြန်ချက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့တကွ ဒေသန္တရအစိုးရတွေအနေနဲ့ အုပ်ချုပ်ရေးမူဘောင်တွေနဲ့ မူဝါဒတွေမှာ လိင်စိတ်ခံယူမှု ကွဲပြားသူနဲ့ အမျိုးသမီးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး မူတွေကို ထည့်သွင်းကျင့်သုံးဖို့ အပါအဝင် လိင်မှုအခြေပြု အကြမ်းဖက်မှုနဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်တွေကို မှတ်တမ်းတင်ဖို့၊ သက်သေ အထောက်အထားတွေကို ထိန်းသိမ်းထားဖို့နဲ့ တာဝန်ခံမှုရှိစေရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် တိုင်ကြားရေး ယန္တရားတခု ဖန်တီးဖို့၊ ပူးတွဲစောင့်ကြည့်၊ ဆန်းစစ်၊ ဆင်ခြင်၊ သင်ယူတဲ့ လုပ်ငန်းစဉ်တွေကို ပူးပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ အနေနဲ့လည်း လိင်မှုအခြေပြု အကြမ်းဖက်မှုနဲ့ ပဋိပက္ခနဲ့ ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တုံ့ပြန်ရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတဲ့ အလေ့အထ ပပျောက်ဖို့အတွက် ဒေသခံ အဖွဲ့အစည်းတွေ၊ အမျိုးသမီးများ အခွင့်အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ဝန်ဆောင်မှု ပေးနေသူတွေနဲ့ ပုံမှန်ညှိနှိုင်း ဆွေးနွေးကြဖို့ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာသက်ဆိုင်သူများ၊ ရန်ပုံငွေ ထောက်ပံ့သူတွေ၊ အလှူရှင်တွေ အနေနဲ့လည်း အခြေခံလူထုရဲ့ ဒေသ ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုတွေ တည်တံ့စေဖို့အတွက် အမျိုးသမီးအရေး စုပေါင်း ရန်ပုံငွေ၊ နယ်စပ်ဖြတ်ကျော် ရန်ပုံငွေ အပါအဝင် လူထုဦးဆောင် ထည့်ဝင်တဲ့ ရန်ပုံငွေ ယန္တရား ထူထောင်ရေးမှာ ထောက်ပံ့ကြဖို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့အပြင် အာဆီယံ အဖွဲ့အစည်းတွေနဲ့ အဖွဲ့ဝင်နိုင်ငံတွေကိုလည်း ဒေသခံပြည်သူတွေ အထူးသဖြင့် အမျိုးသမီးတွေနဲ့ လျစ်လျူရှုခံရသူတွေရဲ့ အသံတွေကို နားထောင်ပြီး ပဋိပက္ခနဲ့ အကြမ်းဖက်ခံရသူတွေအတွက် ခိုင်မာအားကောင်းတဲ့ ထောက်ပံ့ရေး အစီအစဉ်တွေ ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

Myanmar - Women, Peace and Security (M-WPS) နဲ့ Gender Equality Network အပါအဝင် အဖွဲ့အစည်းပေါင်း ၄၀ တို့ဟာ ကာလကြာရှည် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှု ဒဏ်ခံနေရတဲ့ အမျိုးသမီးများ၊ လိင်စိတ်ခံယူမှု ကွဲပြားစုံလင်သူတွေနဲ့ ခြားနားသန်စွမ်းသူတွေ အပါအဝင် လူ့အဖွဲ့အစည်းမှာ မသိကျိုးကျွန်ပြု ခံထားရသူတွေရဲ့ အသံကို မြှင့်တင်ဖို့နဲ့ သူတို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပြန်လည် ရရှိရေး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကြိုးပမ်းမှုတွေကို မှတ်တမ်းတင်ဖို့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013