
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ထိန်ပင်သုသာန်မှာ မတ် ၁၈ ရက်၊ နေ့လယ် ၁ နာရီလောက်က သင်္ဂြိုဟ်ခဲ့တဲ့ အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့ဝင် အသက် ၁၈ နှစ်အရွယ် မအိမ့်မြတ်နိုးရဲ့ နောက်ဆုံးခရီးကို လူမှုကူညီရေးအဖွဲ့ဝင်တွေနဲ့အတူ ကျောင်းသူ၊ ကျောင်းသားတွေ၊ ပြည်သူရာနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင် မအိမ့်မြတ်နိုးဟာ မတ် ၁၆ ရက်၊ မနက် ၉ နာရီလောက်က လူနာကို လိုက်ပို့ရင်း အမြန်လမ်းတနေရာမှာ လူနာတင်ယာဉ်တိမ်းမှောက်ကာ ကွယ်လွန်သွားခဲ့တာပါ။
မတ် ၁၄ ရက်ကလည်း အလုံမြို့နယ်၊ သခင်မြပန်းခြံအနီးမှာ လူနာတင်ယာဉ်တစီး ယာဉ်တိုက်မှုဖြစ်လို့ ကွယ်လွန်ခါနီးလူနာ သေဆုံးခဲ့သလို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေအပါအဝင် လူ ၆ ယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရက်ပိုင်းအတွင်း လူနာတင်ယာဉ် တိမ်းမှောက်မှု ၂ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေ ရှိခဲ့လို့ ပြစ်တင် ဝေဖန်မှုတွေ ရှိနေပေမဲ့ လိုအပ်နေသေးတဲ့ ပြည်သူအတွက် ဆက်လက် ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်မယ်လို့ ရန်ကုန်အခြေစိုက်ကယ်ဆယ်ရေး အသင်းဝင်တယောက်က ပြောပါတယ်။
“ကားကို အမြဲတမ်းအမြန်မောင်းကြတာ မဟုတ်ပါဘူး။ ကားပေါ်ပါ လူနာရဲ့အသက်ကို အချိန်မီ ကယ်တင်ဖို့အတွက် လုပ်နေကြတာပါ။ ကယ်ဆယ်ရေးတက္ကစီလည်း မဟုတ်ပါဘူး။ ဒီကနေ ဘာပိုက်ဆံမှလည်း မရကြဘူး။ လှူဒါန်းကူညီပေးကြတဲ့ အလှူရှင်တွေရှိမှသာ ရန်ပုံငွေ ရကြတာပါ။ လူတွေကို ကယ်ဆယ်နေတဲ့ အဖွဲ့ဝင်တဦး ဆုံးရှုံးသွားတာ။ တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ သူက မိန်းကလေးလည်း ဟုတ်တယ်။ လူငယ်လည်း ဖြစ်နေတော့ အစားမထိုးနိုင်အောင်ပါပဲ။”
မအိမ့်မြတ်စုရဲ့ နောက်ဆုံးခရီးကို ရန်ကုန်တိုင်းထဲက အရပ်ဘက်အသင်းတွေသာမက ဧရာဝတီ၊ ပဲခူး၊ မွန်ပြည်နယ်တို့က လူမှုကယ်ဆယ်ရေးအသင်းပေါင်း ၅၀ နီးပါး လာရောက် နှုတ်ဆက်သွားကြတာကို တွေ့ရပါတယ်။
ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ အစစအရာရာ ဈေးတက်နေတဲ့ အချိန်မှာ အသင်းတွေလည်း အထွေထွေ ကုန်ကျစရိတ်က တော်တော်များလာတာပါ။ ဆီဖိုးကနေ ကားပြင်ဆင်စရိတ်အထိ အလှူရှင်ရှိမှ ရပ်တည်လို့ ရတာ။ လူနာလမ်းကြောင်းလည်း ရှိတယ်။ ရန်ပုံငွေလည်း မရှိတော့ရင် အသင်းကသူတွေပဲ အိတ်စိုက်ပြီး လမ်းကြောင်းထွက်ရတာပါ။ ဝေဖန်သူတွေက သေချာမသိကြလို့ပါ။ ယာဉ်တိုက်မှုကတော့ စက်ပါတဲ့ ယာဉ်သမျှ အကုန်ဖြစ်နိုင်ပါတယ်။ ပြည်သူတွေအတွက် အသင့်ပါပဲ” လို့ ပြောပါတယ်။
မအိမ့်မြတ်နိုးဟာ ၉ တန်းကျောင်းစာမေးပွဲပြီးပြီးချင်းမှာပဲ အောင်ဇေလူမှုကူညီရေးအသင်းမှာ စေတနာ့ဝန်ထမ်းအဖြစ် လူမှုကယ်ဆယ်ရေးအလုပ်တွေကို ပြန်လည်လုပ်ကိုင်ခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကာလကတည်းက အသင်းမှာ စတင်ပါဝင်ခဲ့တာလို့ သိရပါတယ်။











